ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုအတွက် စိန်ခေါ်သူ ဒီရစ်ဒါသည် ရှုံးပွဲမရှိသည့် ကစားသမားတစ်ဦးဖြစ်သောကြောင့် ယင်းပွဲကို ပေါ့ပေါ့ တန်တန်သဘောထား၍မရဘဲ အရေကြီးပွဲစဉ်တစ်ခုအဖြစ် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း South China Morning Post နှင့် တွေ့ဆုံခဲ့သော အင်တာဗျုးတွင် ပြောကြားသည်။
''သူ (ဒီရစ်ဒါ) က ယုံကြည်မှုအပြည့်ရှိတယ်။ ရှုံးပွဲလည်း လုံးဝမရှိသေးဘူးလို့ ကျွန်တော်သိထားတယ်။ ONE Championship မှာ ယှဉ်ပြိုင်ခဲ့တဲ့ သုံးပွဲစလုံးမှာလည်း သူ့ရဲ့ ပုံစံကောင်းကို မြင်ရတယ်။ သူက ပြင်ဆင်မှု ကောင်းတဲ့ ဖိုက်တာတစ်ယောက်ပါ။ ဟော်လန်က ကောင်းမွန်ပြီး ထူးချွန်တဲ့ကစားသမားကောင်းတွေ အများကြီးရှိတဲ့နေရာဖြစ်ပါတယ်။ လေ့ကျင့်မှုတွေကောင်းသလို Gym တွေကလည်း ကောင်းကြတယ်။ ဟော်လန်တွေက ဂျူဂျစ်ဆုနဲ့ နပန်းမှာလည်း ပုံစံကောင်းပြသနိုင်တဲ့သူတွေဖြစ်သလို ကစ်ဘောက်ဆင်မှာလည်း ထူးချွန်တဲ့သူတွေ အများကြီးရှိကြောင်း ကျွန်တော်သိထားပါတယ်။ အဲဒီအတွက် ဒီစိန်ခေါ်ပွဲဟာ ပေါ့ပေါ့ပါးပါးနဲ့ ယှဉ်ပြိုင်လို့ရတဲ့ ပွဲစဉ်မဟုတ်သလို ပေါ့ပေါ့တန် တန်သဘောထားလို့လည်း မရပါဘူး။ အရမ်းအရေးကြီးတဲ့ပွဲစဉ်ဖြစ်တယ်။ ဒါကြောင့် ပြင်ဆင်မှုကောင်းကောင်းလုပ်ပြီး ရင်ဆိုင်ရမှာဖြစ်ပါတယ်''ဟု ONE ၀ိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်က ပြောကြားသည်။
အောင်လအန်ဆန်အနေဖြင့် COVID-19 ရောဂါ Positive တွေ့ရှိပြီးနောက် ပြန်လည်သက်သာလာပြီဖြစ်သော်လည်း ယင်းအခြေအနေမှာ လာမည့်ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝရန် ခက်ခဲနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
သို့သော် အောင်လအန်ဆန်က ၎င်းအနေဖြင့် ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ပြီး ပြင်ဆင်မှုများမှာလည်း အကောင်းဆုံးအခြေအနေတွင်ရှိနေကြောင်း ဆက်လက်ပြောကြားသည်။
အောင်လအန်ဆန်နှင့် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါတို့၏ စိန်ခေါ်ပွဲစဉ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက စီစဉ်ခဲ့သော်လည်း ဒီရစ်ဒါ၏ ဒဏ်ရာပြဿနာကြောင့် ပွဲပျက်ခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ရုရှားနိုင်ငံသား မစ်ဒယ်ဝိတ်တန်းချန်ပီယံဟောင်း ဗစ်တာလီနှင့် စီစဉ်ခဲ့ပြီး ဗစ်တာလီမှာလည်း ဒဏ်ရာပြသာနာရှိခဲ့သောကြောင့် ဒီရစ်ဒါနှင့်ထိုးသတ်ရန် ထပ်မံပြောင်းလဲခဲ့ရခြင်းဖြစ်သည်။
အောင်လအန်ဆန်နှင့် ဒီရစ်ဒါတို့၏စိန်ခေါ်ပွဲကို အောက်တိုဘာ ၃၀ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။
ပရိသတ်များကမူ အောင်လအန်ဆန်အနေဖြင့် စိန်ခေါ်သူ ဒီရစ်ဒါကို နှစ်ချီအတွင်း အနိုင်ရပြီး ချန်ပီယံဆုကာကွယ်နိုင်ဖွယ်ရှိကြောင်း သုံးသပ်ပြောကြားလျက်ရှိသည်။