လာမည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များ ဆန္ဒမဲပေးပိုင်ခွင့် ရရှိရန်အတွက် လုံခြုံမှုရှိသည့် စစ်ဘေးရှောင်စခန်းများတွင် မဲရုံ ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
မဲရုံများ ဖွင့်လှစ်နိုင်ရေးအတွက် ကျေးရွာအလိုက် လူဦးရေစာရင်းများကို ပြုစုဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ) မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က “တစ်ချို့ စစ်ဘေးရှောင်တွေက မြို့နယ်အတွင်းမှာ ရှိတယ်ဆိုရင်တော့ စာရင်းတွေ ရနိုင်တယ်။ ဒါပေမယ့် တခြားမြို့နယ်ကို ရောက်သွားရင်တော့ ကျွန်တော်တို့က လုပ်ရတာခက်တယ်။ ဒါကြောင့် ပုံစံ ၁၅ နဲ့ လျှောက်ထားနိုင်အောင် လုပ်ထားတယ်။ အခုထိတော့ လျှောက်ထားသူတွေ မရှိသေးဘူး။ မဲရုံက ရွာမှာလုပ်ဖို့လျာထား အခုရွာမှာ လူလည်း မရှိတော့ဘူး။ အုပ်ချုပ်ရေးအဖွဲ့လည်း မရှိဘူး။ ကော်မရှင်လည်း မရှိတော့ဘူး ဆိုတော့ ရှိတဲ့နေရာကို ပြောင်းရွှေ့ဖို့ ကော်မရှင်ကို တင်ပြဖို့အတွက် လျာထားတယ်။ ဒါလည်း စာရင်းဇယားတွေ ဘာတွေ လုပ်ခိုင်းထားပါတယ်” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်း လေးသောင်းကျော် ရှိသော်လည်း ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် အရေအတွက်မှာလည်း နှစ်သိန်းနှစ်သောင်း ခြောက်ထောင်ကျော်အထိ ရှိကြောင်းလည်း REC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် စစ်ဘေးရှောင်စခန်းများတွင် မဲစာရင်းကပ်ထားခြင်း မရှိသည့်အတွက် မဲပေးခွင့် ရှိ မရှိကို မသိရသကဲ့သို့ တစ်ချို့သော စစ်ဘေးရှောင်များမှာလည်း မဲပေးနိုင်ခွင့် မပေးနိုင်ခွင့်ထက် လက်ရှိ ရင်ဆိုင်နေရသော အခက်အခဲ ပြဿနာများမှာ အရေးကြီးကြောင်းလည်း စစ်ဘေးရှောင်များက ပြောကြားသည်။
“ ကျွန်တော်တို့ မဲပေးခွင့် မပေးခွင့်ထက် လက်ရှိဖြစ်နေတဲ့ အခက်အခဲကို ကျွန်တော်တို့ ဖြေရှင်းဖို့ စိတ်ဝင်စားတယ်။ နောက်ပြီး မဲစာရင်း ကပ်တာလည်း မတွေ့မိဘူး။ ဘယ်နေရာမှာ သွားပေးရမယ် ဆိုတာကိုလည်း စိတ်မဝင်စားတော့ဘူး။ အများစုက အဲဒီလိုဖြစ်နေတယ်။ တိုက်ပွဲရှောင်တွေရဲ့ဘဝက ခါးသီးတယ်။ အခက်အခဲအများကြီးရှိတယ်”ဟု ကျောက်တော် စစ်ဘေးရှောင်စခန်းတွင် ရောက်ရှိနေသူ ဦးသိန်းစိုးက ပြောကြားသည်။
စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း စစ်တွေမြို့နယ်အတွင်း ရောက်ရှိနေသော စစ်ဘေးရှောင် သောင်းနှင့်ချီ၍ ရှိနေကြောင်းနှင့် ယင်းတို့အနေဖြင့် မဲပေးခွင့် ရရှိရေးအတွက် မြို့နယ်ပြောင်းရွှေ့မဲပေးခွင့် လျှောက်ထားခြင်း မရှိကြောင်းနှင့် စိတ်ဝင်စားမှုလည်း နည်းပါးနေကြောင်း သိရသည်။















