စီးရီးအေပြိုင်ပွဲ၏ လစာအများဆုံး ကစားသမားအဖြစ် ဂျူဗင်တပ်စ် အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ၎င်းနှင့် လစာအနည်းဆုံးကစားသမားတို့အကြား ကွာဟမှုမှာ အဆပေါင်း ၇၇၅ ဆအထိ ရှိကြောင်း သိရသည်။
စီးရီးအေကလပ်များ၏ လစာပေးချေမှုအသုံးစရိတ်များကို La Gazzetta dello Sport သတင်းစာက မနေ့က ဖော်ပြခဲ့ရာ ဂျူဗင်တပ်စ် အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို က တစ်နှစ်လစာ ယူရို ၃၁ သန်းဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းဖော် နောက်ခံလူ ဒီလစ်က တစ်နှစ်လစာ ယူရိုရှစ်သန်းဖြင့် ဒုတိယအများဆုံးရရှိနေပြီး ၎င်းနှင့် စီရော်နယ်လ်ဒို အကြား ကွာခြားမှုမှာပင် လေးဆ နီးပါး (၃ ဒသမ ၈၇၅ ဆ) ရှိကြောင်း သိရသည်။
အင်တာမီလန်အသင်း တိုက်စစ်မှူး လူကာကူက တစ်နှစ်လစာ ယူရို ၇ ဒသမ ၅ သန်းဖြင့် တတိယ၊ ဂျူဗင်တပ်စ်အသင်း တိုက်စစ်ကစားသမား ဒီဘားလားက တစ်နှစ်လစာ ယူရို ၇ ဒသမ ၃ သန်းဖြင့် စတုတ္ထ၊ ဂျူဗင်တပ်စ်အသင်း ကွင်းလယ်လူ ရာဘီယူနှင့် ရမ်ဆေး၊ အေစီမီလန်အသင်း ၀ါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်တို့က တစ်နှစ်လစာ ယူရိုခုနစ်သန်းစီဖြင့် ပူးတွဲပဥ္စမအဖြစ် ရပ်တည်လျက်ရှိသည်။
La Gazzetta dello Sport ၏ ဖော်ပြချက်အရ စီးရီးအေပြိုင်ပွဲတွင် လစာအနည်းဆုံးရရှိနေသည့် ကစားသမား အူဒီးနီးစ်အသင်း၏အသက် ၁၈ နှစ်အရွယ် လူငယ်ကွင်းလယ်လူ မာတင်ပါလမ်ဘိုဖြစ်ပြီး တစ်နှစ်လစာ ယူရို ၄၀၀၀၀ သာရရှိကြောင်း သိရသည်။ သို့ဖြစ်ရာ ပါလမ်ဘို၏လစာနှင့် အများဆုံးရရှိနေသည့် စီရော်နယ်လ်ဒိုတို့၏ လစာမှာ အဆပေါင်း ၇၇၅ ဆအထိ ကွာခြားနေခြင်းဖြစ်သည်။ ထို့ပြင် ပါလမ်ဘို၏ တစ်နှစ်လစာမှာ တစ်ပတ်လျှင် ယူရို ၁ ဒသမ ၁ သန်းရရှိနေသည့် စီရော်နယ်လ်ဒို၏ တစ်ပတ်လစာထက် ၂၇ ဒသမ ၅ ဆပိုနည်းကြောင်း လည်း သိရသည်။
စီးရီးအေပြိုင်ပွဲတွင် တစ်နှစ်လစာ ယူရိုတစ်သိန်းသာရရှိနေသည့် ကစားသမားအများ အပြားရှိပြီး ဂျူဗင်တပ်စ်ကစားသမားများအနက် လူငယ်နောက်ခံလူ ဖရာဘော့တာက အနည်းဆုံးအဖြစ် ယူရို တစ်သိန်း ရရှိနေသည်။ အီတလီ ကစားသမားများအနက် ဂျူဗင်တပ်စ်အသင်း နောက်ခံလူ ဘိုနူချီက တစ်နှစ်လစာ ယူရို ၆ ဒသမ ၅ သန်းဖြင့် အများဆုံးရရှိနေပြီး အေစီမီလန်အသင်း ဂိုးသမား ဒွန်နာရမ်မာက ယူရိုခြောက်သန်းဖြင့် ဒုတိယ၊ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်တွင် ဂျူဗင်တပ်စ်အသင်းသို့ နှစ်ရာသီအငှားစာချုပ်ဖြင့် ရောက်ရှိလာသည့် တောင်ပံကစားသမား ခီယေဆာက ယူရိုငါးသန်းဖြင့် တတိယ၊ နာပိုလီအသင်းခေါင်းဆောင် အင်ဆစ်ဂ်နီက ယူရို ၄ ဒသမ ၆ သန်းဖြင့် စတုတ္ထ၊ လာဇီယိုအသင်းတိုက်စစ်မှူး အီမိုဘီလီနှင့် ဂျူဗင်တပ်စ်အသင်း တောင်ပံကစားသမား ဘာနာဒက်ခီ က ယူရိုလေးသန်းဖြင့် ပူးတွဲပဥ္စမ နေရာ ရပ်တည်နေကြောင်း သိရသည်။