MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင်ဟောင်းဂိုးသမား သီဟစည်သူ COVID ကုသရေး အင်းယားစင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်လျက်ရှိ

MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင်ဟောင်းဂိုးသမား သီဟစည်သူ COVID ကုသရေး အင်းယားစင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်လျက်ရှိ
Photos : Thiha Sithu Facebook
Photos : Thiha Sithu Facebook
Published 11 October 2020

 

MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင်ဟောင်းဂိုးသမား သီဟစည်သူသည် COVID ကုသရေး အင်းယားစင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အင်းယားစင်တာကို KBZ နှင့် ရွှေသံလွင်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရှမ်းယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေက ဦးစီးဆောင်ရွက်နေသောကြောင့် သီဟစည်သူအနေဖြင့် စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သီဟစည်သူသည် အောက်တိုဘာလကုန်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် ဘောလုံးရာသီ စတင်မည့်ကာလအပေါ်မူတည်၍ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်သည်။

 "MNL ပြိုင်ပွဲက ပြီးဆုံးသွားပြီဖြစ်သလို COVID ကာကွယ်ကုသရေးလုပ်ငန်းတွေမှာ ဘယ်လိုအပိုင်းတွေမှာ လုပ်ဆောင်နိုင်မလဲဆိုတာ အရင်ကတည်းက စဉ်းစားနေတာပါ။ အဲဒီအချိန်မှာ ရှမ်းယူနိုက်တက်အသင်းဥက္ကဋ္ဌက လိုလို လားလား နဲ့ ဖိတ်ခေါ်သလို ကျွန်တော်ကိုယ်တိုင်ကလည်း ဆန္ဒရှိတဲ့အတွက် လုပ်ဆောင်ဖြစ်သွားတာပါ။ အင်းယားစင်တာမှာ ကျွန်တော်က တခြားစေတနာ့ဝန်ထမ်းတွေရဲ့ သွားလာရေး၊ နေထိုင်စားသောက်ရေးတို့ကို ကြီးကြပ်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ COVID အခြေအနေက ဘယ်အချိန်လောက်အထိ ရောက်သွားမလဲဆိုတာတော့ မပြောတတ်ပါဘူး။ ဒီစင်တာကတော့ အနည်းဆုံး သုံးလဝန်းကျင် လောက်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။ ကျွန်တော်ကတော့ လောလောဆယ် အောက်တိုဘာလကုန်အထိ ဆောင်ရွက်သွားဖို့ရှိပါတယ်။ လာမယ့်ရာသီကလည်း ဘယ်တော့စမလဲဆိုတာ  မပြောနိုင်သေးတဲ့အတွက် အဲဒီအခြေအနေအပေါ် မူတည်ပါတယ်။ ဘောလုံးအသင်း အပေါ်မူတည်ပြီး လုပ်လို့ရတယ်ဆိုရင် ဆက်လုပ်ပေးသွားမှာပါ။ကျွန်တော် ကျွမ်းကျင်တဲ့အပေါ်မူတည်ပြီး ၀ိုင်းဝန်းကူညီလုပ်ဆောင်သွားမှာပါ။ ကျွန်တော့်အပေါ် ပေးအပ်ထားတဲ့တာဝန်တွေကို ကျေပွန်အောင် လုပ်ဆောင်သွားမှာပါ" ဟု သီဟစည်သူက ပြောကြားခဲ့သည်။

သီဟစည်သူသည် လက်ရှိကစားနေသည့် ဘောလုံးသမားများအနက် စေတနာ့ဝန်ထမ်းအဖြစ် ပထမဆုံး ဆောင်ရွက်နေသူဖြစ်ပြီး အင်းယားစင်တာ၏ အုပ်ချုပ်မှုအဖွဲ့ဝင် Volunteer Control တာဝန်ခံ (တွဲဖက်) အဖြစ် ဆောင်ရွက်လျက်ရှိသည်။ သီဟစည်သူ သည် ၂၀၁၆ ရာသီတွင် ရှမ်းယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဧရာဝတီနှင့် ရတနာပုံအသင်းတွင်လည်း ကစားခဲ့ဖူးသည်။

Most Read

Most Recent