ရန်ကုန်တိုင်းတွင် ထုတ်ပြန်ထားသည့် Stay at Home အစီအစဉ်သည် ရောဂါဖြစ်ပွားမှုနှုန်းအရ ဆက်ရှိနေမည်ဖြစ်ပြီး တစ်လ၊ နှစ်လ မည်မျှကြာမည်ကို ပြော၍မရသေးဘဲ လစဉ်ဗဟိုကော်မတီ စုံညီအစည်းအဝေး၌ သုံးသပ်ပြီးမှသာ ထပ်မံထုတ်ပြန်ရန်ရှိဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရန်ကုန်တိုင်းတွင် ထုတ်ပြန်ထားသည့် Stay at Home အစီအစဉ်သည် ရောဂါဖြစ်ပွားမှုနှုန်းအရ ဆက်ရှိနေမည်ဖြစ်ပြီး တစ်လ၊ နှစ်လ မည်မျှကြာမည်ကို ပြော၍မရသေးဘဲ လစဉ်ဗဟိုကော်မတီ စုံညီအစည်းအဝေး၌ သုံးသပ်ပြီးမှသာ ထပ်မံထုတ်ပြန်ရန်ရှိဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
စက်တင်ဘာ ၂၆ ရက်က မြို့တော်ခန်းမရှေ့အား တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်ဖြိုးအောင်)
စက်တင်ဘာ ၂၆ ရက်က မြို့တော်ခန်းမရှေ့အား တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်ဖြိုးအောင်)
Published 10 October 2020
အောင်မင်းသိန်း

ရန်ကုန်တိုင်းဒေသကြီးတွင် ထုတ်ပြန်ထားသည့် Stay at Home အစီအစဉ်သည် COVID-19 ရောဂါဖြစ်ပွားမှုနှုန်းအရ ဆက်ရှိနေမည်ဖြစ်ပြီး တစ်လ၊ နှစ်လ မည်မျှကြာမည်ကို ပြော၍မရသေးဘဲ လစဉ်ပြုလုပ်သော အမျိုးသားအဆင့် ဗဟိုကော်မတီ စုံညီအစည်းအဝေးတွင် သုံးသပ်ပြီးမှသာ ထပ်မံထုတ်ပြန်ရန်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

အောက်တိုဘာ ၁၀ ရက်က Zoom Application ဖြင့် ပြုလုပ်သော နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် COVID-19 နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးတွင် ထုတ်ပြန်ထားသော အမိန့်သည် မည်သည်ကာလအထိဖြစ်မည်ကို တိတိကျကျသိလိုကြောင်း အိမ်တော်သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးဇော်ဌေးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“အဲတာကတော့ ကျွန်တော်တို့ ၂၁ ရက်နေ့ပေါ့၊ အဲလိုမျိုးထုတ်ပြန်လိုက်တဲ့ဟာက အခုတောက်လျောက်တော့ ကျွန်တော်တို့ Moniter လုပ်နေတယ်။ ဒီ Stay at Home ပေါ့၊ အဲမှာ သတ်မှတ်ထားတဲ့ မြို့တွေမှာ ဘယ်လောက်အတိုင်းအတာအထိ ကူးစက်မှုက ဆက်ပြီးတော့ ပြန့်ပွားနေလဲ။ ပြောရင်တော့ ကျွန်တော်တို့ ပြီးခဲ့တဲ့သာဓကတွေအရ ဆိုရင်တော့ COVID ရောဂါ ကူးစက်မှု၊ တွေ့ရှိတဲ့နှုန်းအပေါ်မှာ မူတည်ပြီးတော့ Stay at Home စည်းမျဉ်းစည်းကမ်းတွေ ဖြေလျော့တာတွေ လုပ်ပါတယ်။ အလားတူပဲ ဒီဖြစ်ပွားမှု အနေအထားပေါ် မူတည်ပြီးတော့ ဖြေလျော့မှုတွေလုပ်ဖို့လည်း ထပ်မံပြီးတော့ ကြေညာသွားမှာဖြစ်ပါတယ်။ အဲတော့ နှစ်ပတ်လား၊ တစ်ပတ်လားဆိုတာ လောလောဆယ်တော့ ကျွန်တော်တို့ ပြောလို့မရသေးဘူး” ဟု ဦးဇော်ဌေးက ပြောကြားသည်။

COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ပုံမှန်အားဖြင့် နှစ်ပတ်စောင့်ကြည့်ရန်အတွက် မူလက လုပ်ခဲ့ခြင်းဖြစ်ပြီး နေ့စဉ်ကူးစက်မှုများ ဆက်လက်ဖြစ်နေသည့်အနေအထားကို စောင့်ကြည့်၍ နှိုင်းယှဉ်သုံးသပ်နေသည့် အနေအထားဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“အဲအပေါ်မှာတော့ အခုလက်တလောမှာတော့ Stay at Home လုပ်ထားတဲ့ ရန်ကုန်ကတော့ လက်တလောမှာတော့ အခုလက်ရှိ ဖြစ်ပွားမှုနှုန်းပေါ့။ ဖြစ်ပွားမှုနှုန်းအရတော့ ဒီအတိုင်းပဲဆက်ရှိနေပါမယ်။ ဆက်ရှိတဲ့ကာလမှာလည်း ဘယ်လောက်ကြဦးမလဲ။ တစ်လကြာမလား၊ နှစ်လကြာမလားတော့ ဒီနေ့တော့ ပြောလို့မရသေးဘူး။ မရသေးတော့ ဒါတွေနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့က လစဉ်ဗဟိုကော်မတီ စုံညီပေါ့၊ အမျိုးသားအဆင့်ဗဟိုကော်မတီ စုံညီအစည်းအဝေး လုပ်ပါတယ်။ ဥပမာအားဖြင့် လက ၃၀ ရက်နေ့ ကုန်မယ်၊ ၃၀ ရက်နေ့အထိ ကျွန်တော်တို့ ထုတ်ထားတယ်ဆိုရင် ၂၇၊ ၂၈၊ ၂၉ ဒီဝန်းကျင်မှာ ထုတ်ပြန်ထားတဲ့ အမိန့်တွေနဲ့ပတ်သက်လို့ ပြန်ပြီးတော့ သုံးသပ်ပါတယ်။ လက်တွေ့မြေပြင်အခြေအနေ၊ ကျွန်တော်တို့ ဒီအပေါ်မှာ ထုတ်ထားတဲ့ ညွှန်ကြားချက်တွေ၊ အမိန့်တွေက ဒီလိုမျိုးသက်ရောက်နေတယ်။ ဒီအပေါ်မှာ ဘယ်လိုဆက်ဆောင်ရွက်မလဲဆိုတဲ့အပေါ်မှာ လူကြီးတွေ သုံးသပ်ပါတယ်။ သုံးသပ်ပြီးမှပဲအဲဟာနဲ့ပတ်သက်တဲ့အမိန့် ညွှန်ကြားချက်တွေ ထပ်မံပြီးတော့ ထုတ်ပြန်ပါတယ်။ ယခုလည်းပဲ အဲလိုပဲ ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါကူးစက်ပြန့်ပွားနေမှုကြောင့် ကနဦးတွင် ရောဂါတွေ့ရှိမှုများသည့် ခုနစ်မြို့နယ်တွင်လည်းကောင်း၊ ဒုတိယအဆင့်အဖြစ် နောက်ထပ် ၂၁ မြို့နယ်တွင်လည်းကောင်း Saty at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ခဲ့သည်။

ထို့နောက် ရောဂါဖြစ်ပွားမှုမှာ ပိုမိုများပြားလာသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုးကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ်အားလုံး Stay at Home အစီအစဉ်တွင်အကျုံးဝင်ကြောင်း စက်တင်ဘာ ၂၀ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်အရ လုပ်ငန်းအချို့အား ချွင်းချက်အဖြစ် လုပ်ကိုင်ခွင့်ပြုထားပြီး ကျန်လုပ်ငန်းအများစုကို နေအိမ်တွင်နေထိုင်၍ လုပ်ငန်းဆောင်ရွက်ရန်နှင့် ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေသူများကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်ထိ လုပ်ငန်းခွင် မသွားရောက်ရန် ဖော်ပြပါရှိသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ ထုတ်ပြန်ထားသည့် Stay at Home အစီအစဉ်များမှာ အကျုံးဝင်လျက်ရှိပြီး CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေသူများသည်လည်း အောက်တိုဘာ ၂၁ ရက်ထိ လုပ်ငန်းခွင် မသွားရောက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

Most Read

Most Recent