လက်ခစား CMP လုပ်ငန်းများ ယာယီရပ်နားကာလအပြီး စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ရာတွင် လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ သတ်မှတ်ထားသည့် အကွာအဝေး၌ အလုပ်လုပ်နိုင်ရေး တတ်နိုင်သမျှ စီစဉ်ထားရှိပြီး လူစုလူဝေးဖြင့် လုပ်ကိုင်ခြင်း ရှောင်ကြဉ်ရန် အသိပေးချက် ထုတ်ပြန်

လက်ခစား CMP လုပ်ငန်းများ ယာယီရပ်နားကာလအပြီး စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ရာတွင် လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ သတ်မှတ်ထားသည့် အကွာအဝေး၌ အလုပ်လုပ်နိုင်ရေး တတ်နိုင်သမျှ စီစဉ်ထားရှိပြီး လူစုလူဝေးဖြင့် လုပ်ကိုင်ခြင်း ရှောင်ကြဉ်ရန် အသိပေးချက် ထုတ်ပြန်
စက်ရုံတစ်ရုံတွင် လုပ်ငန်းခွင်ဝင်ရောက်မည့် အလုပ်သမားများကို  တွေ့ရစဉ်
စက်ရုံတစ်ရုံတွင် လုပ်ငန်းခွင်ဝင်ရောက်မည့် အလုပ်သမားများကို  တွေ့ရစဉ်
Published 8 October 2020

ကုန်ကြမ်းယူ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား CMP လုပ်ငန်းများအနေဖြင့် ယာယီရပ်နား ကာလအပြီး စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ရာတွင် လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့် အကွာအဝေးတွင် အလုပ်လုပ်နိုင်အောင် တတ်နိုင်သမျှ စီစဉ်ထားရှိပြီး လူစုလူဝေးနှင့် လုပ်ကိုင်ခြင်း ရှောင်ကြဉ်ရန် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အသိပေးချက် ထုတ်ပြန်ထားသည်။

COVID-19 ဖြစ်ပွားမှု ဒုတိယလှိုင်း၏ သက်ရောက်မှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အမိန့်အမှတ်-၁၀၇/၂၀၂၀ အရ ကုန်ကြမ်းယူ၊ ကုန်ချောပေး (CMP) စက်ရုံ၊ အလုပ်ရုံများမှာ စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၇ ရက်အထိ ၁၄ ရက်ကြာ ယာယီရပ်နား ထားခဲ့ရသည်။

ထို့နောက် အောက်တိုဘာ ၅ ရက်က အမိန့်အမှတ်-၁၁၃/၂၀၂၀ ထုတ်ပြန်ပြီး ကုန်ကြမ်းယူ၊ ကုန်ချောပေး (CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်သူများအား အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်အထိ လုပ်ငန်းခွင် သွားရောက် ခွင့်မပြုကြောင်း ထပ်မံကြေညာခဲ့သည်။

ထို့ကြောင့် ကုန်ကြမ်းယူ၊ ကုန်ချောပေး (CMP) လုပ်ငန်းဆောင်ရွက်ကြသော မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အသင်းဝင် စက်ရုံများများကို ယာယီရပ်နား ထားရမည်ဖြစ်သည်။

သို့ဖြစ်ရာ ယာယီရပ်နား ကာလအပြီး စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား လိုက်နာကြရန် နှိုးဆော်ထားသည်။

ကိုယ်အပူချိန်တိုင်း ကိရိယာများ ထားရှိ၍ ဝန်ထမ်းများအားလုံးကို ကိုယ်အပူချိန် တိုင်းပြီးမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ခွင့်ပြုရန်၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့် အကွာအဝေးတွင် အလုပ်လုပ်နိုင်အောင် တတ်နိုင်သမျှ စီစဉ်ထားရှိပြီး  လူစုလူဝေးနှင့် လုပ်ကိုင်ခြင်းကို ရှောင်ကြဉ်ရန်၊ ဝန်ထမ်းများအားလုံး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကိုအချိန် ပြည့် စနစ်တကျ တပ်ဆင်ကြရန်၊ အလုပ်သမားများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် Face Shield များ စနစ်တကျ ဝတ်ဆင်ပြီးမှသာ ကြိုပို့ယာဉ်များပေါ် တက်ရောက်ခွင့်ပေးရန်၊ ပိုစတာနှင့် လက်ကမ်းစာစောင်များကို သက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် ဖြန့်ဝေပေးခြင်း၊ ဝန်ထမ်းများအချင်းချင်း သို့မဟုတ် ဝန်ထမ်းအုပ်စုငယ်များအကြား ကျန်းမာရေး အသိပညာ မျှဝေရန် ဖြစ်သည်။

ထို့ပြင် ဝန်ထမ်းများထဲတွင် COVID-19 ရောဂါ သံသယရှိသူ တွေ့ရှိပါက Fever Clinic သို့မဟုတ် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းသွားရောက် စစ်ဆေးမှု ခံယူစေပြီး သက်ဆိုင်ရာ၏ ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန် ဖြစ်သည်။

ထို့ပြင် COVID-19 ရောဂါသံသယရှိသူ သို့မဟုတ် ဓာတ်ခွဲအတည်ပြုလူနာအပြင် ၎င်းတို့နှင့် ထိတွေ့မှု (Close Contact) ရှိသဖြင့် သီးသန့်ထား စောင့်ကြည့်ခြင်း ခံရသူအားလုံးကို လစာမဲ့ခွင့်ဖြင့် ခွင့်ပြုပေးပြီး အလုပ်အကိုင် တည်မြဲရေးအတွက် အာမခံချက်ပေးရန် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ရန် ခွင့်ပြုမထားသော လုပ်ငန်းများမှ ဝန်ထမ်းများ၊ အလုပ်သမားများ အနေဖြင့် စက်တင်ဘာလ လုပ်ခလစာများကို သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများတွင် အောက်တိုဘာ ၈ ရက်မှစ၍ ထုတ်ယူခွင့်ပြုထားသည်။

ကုန်ကြမ်းယူ၊ ကုန်ချောပေး (CMP) စက်ရုံ၊ အလုပ်ရုံများ အနေဖြင့် မိမိတို့၏ အလုပ်သမားများအတွက် လုပ်ငန်းတည်နေရာနှင့် အခြားဆက်စပ် ပတ်သက်ရာ အခြေအနေ အရပ်ရပ်ကို ထည့်တွက်စဉ်းစားပြီး သုံးရက်မှ ငါးရက်အထိခွဲ၍ အလုပ်သမားများကို စက်ချုပ်လိုင်း အလိုက်ဖြစ်စေ၊ ဌာနအလိုက်ဖြစ်စေ အုပ်စုခွဲပြီး နာရီအပိုင်းအခြားအလိုက် လာရောက် ထုတ်ယူကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ ထုတ်ယူကြရန် ဖြစ်သည်။

Most Read

Most Recent