၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ သြဂုတ်အထိ မြန်မာနိုင်ငံ၌ Brand New ကားသစ် ၁၄၀၃၃ စီးရောင်းချနို်င်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ရောင်းအား ၁၁ ရာခိုင်နှုန်းကျော်မြင့်တက်

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ သြဂုတ်အထိ မြန်မာနိုင်ငံ၌ Brand New ကားသစ် ၁၄၀၃၃ စီးရောင်းချနို်င်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ရောင်းအား ၁၁ ရာခိုင်နှုန်းကျော်မြင့်တက်
ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာတစ်ခုတွင် Brand New ကားအချို့ အရောင်းမြှင့်တင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာတစ်ခုတွင် Brand New ကားအချို့ အရောင်းမြှင့်တင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 7 October 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ သြဂုတ်အထိ မြန်မာနိုင်ငံ၌ Brand New ကားသစ် ၁၄၀၃၃ စီးရောင်းချနိုင်ခဲ့ပြီး COVID-19 ကြောင့် ဧပြီနှင့် မေတွင် ရောင်းအားထိုးဆင်းခဲ့ကာ ယခင်နှစ်ကာလတူထက် ရောင်းအား ၁၂ ဒသမ ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း  ASEAN Automotive Federation မှ ထုတ်ပြန်သော ဒေသတွင်း ကားသစ်ရောင်းချမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

အာဆီယံ စျေးကွက်တစ်ခုလုံး အနေဖြင့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်း ကားသစ်ရောင်းချမှုပမာဏ ၂၀၇၄၁၁ စီးရှိပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ကားသစ်ရောင်းချမှုပမာဏ ၂၆ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် တိုးတက်မှုနှုန်း ၂၀ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၈၂၂၅ စီး ရောင်းချနိုင်ခဲ့ရာ ၂၀၁၆ ခုနှစ်ကထက် ၉၇ ရာခိုင်နှုန်းကျော် များပြားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ၂၀၁၇ ခုနှစ်ကာလတူထက်  အစီးရေ ၉၂၉၉ စီး၊ ရာခိုင်နှုန်းအားဖြင့် ၁၁၃ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရပြီး ၂၀၁၈ ခုနှစ်အတွင်း ကားစီးရေ ၁၇၅၂၄ စီး ရောင်းချခဲ့ရသည်။  မြန်မာစျေးကွက်၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၇၄၀ စီး၊ ဖေဖော်ဝါရီတွင် ၁၃၉၆ စီး၊ မတ်တွင် ၁၄၈၃ စီး၊ ဧပြီတွင် ၉၅၅ စီး၊ မေတွင် ၁၆၀၇ စီး၊ ဇွန်တွင် ၁၆၇၈ စီး ၊ ဇူလိုင်တွင် ၁၇၂၄ စီး၊ သြဂုတ်တွင် ၁၈၅၈ စီး၊ စက်တင်ဘာတွင် ၁၈၂၂ စီး၊ အောက်တိုဘာတွင် ၂၆၀၀ စီး၊ နိုဝင်ဘာတွင် ၂၄၁၁ စီး ၊ ဒီဇင်ဘာတွင် ၂၆၀၈ စီး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၄၃၉၂ စီး ပိုမိုရောင်းနိုင်ခဲ့ကာ ၂၀၁၉ ခုနှစ်အတွင်း ကားသစ်စီးရေ ၂၁၉၁၆ စီး (တိုးတက်မှုနှုန်း ၂၅ ဒသမ ၁ ရာခိုင်နှုန်း) ရောင်းချနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ကားသစ်စီးရေ ၂၀၃၄ စီး၊ ဖေဖော်ဝါရီလတွင် ၂၂၈၆ စီး၊  မတ်လတွင် ၁၉၇၉ စီးရောင်းချနိုင်ခဲ့ပြီး ဧပြီလတွင် COVID-19 ကြောင့် ကားအရောင်းပြခန်းများ ပိတ်ထားခဲ့ရကာ မေလတွင် ၁၂၅၃ စီး၊  ဇွန်လတွင် ၁၉၈၅ စီး၊ ဇူလိုင်လတွင် ၂၂၅၈ စီး၊ သြဂုတ်လတွင် ၂၂၃၈ ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကားသစ်စီးရေ ၄၁၆၈ စီးရောင်းချခဲ့ရပြီး မြန်မာအစိုးရ၏ ကားတင်သွင်းမှုဆိုင်ရာမူဝါဒ အပြောင်းအလဲကြောင့်  ၂၀၁၇ ခုနှစ်အတွင်း ကားသစ်စီးရေ ၈၂၀၀ ကျော်အထိ၊ ၂၀၁၈ ခုနှစ်တွင် ကားသစ်စီးရေ ၁၇၀၀၀ ကျော်အထိ ရောင်းချခဲ့ရကာ ၂၀၁၉ ခုနှစ်အတွင်း ကားသစ်စီးရေ ၂၂၀၀၀ နီးပါးအထိ ရောင်းချခဲ့ရခြင်းဖြစ်သည်။ ကားသစ်များ ရောင်းချမှုနှင့် ထုတ်လုပ်မှုများအတွက် မြန်မာစျေးကွက်သည် ထွန်းသစ်စစျေးကွက်တစ်ခုဖြစ်လာပြီး နှစ်အလိုက်တိုးတက်မှုနှုန်း ဆက်လက်မြင့်မားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ကားသစ်ရောင်းချမှုပမာဏ တိုးတက်မှုနည်းတူ မြန်မာနိုင်ငံတွင် ကားသစ်ထုတ်လုပ်မှု ပမာဏတိုးတက်မှု ဆက်တိုက်ဖြစ်ပေါ်နေသော်လည်း COVID-19 ကာလတွင် ကားတပ်ဆင်ထုတ်လုပ်မှုများ ကျဆင်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ၁၄၅၉ စီး၊ ဖေဖော်ဝါရီလတွင် ၁၃၈၈ စီး၊ မတ်လတွင် ၁၂၁၄ စီး ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဧပြီလတွင် COVID-19 ကြောင့် ကားထုတ်လုပ်မှုစက်ရုံများ ပိတ်ထားခဲ့ရကာ မေလတွင် ၇၀၃ စီး၊ ဇွန်လတွင် ၁၃၁၃ စီး၊ ဇူလိုင်လတွင် ၁၄၃၈ စီး၊ သြဂုတ်လတွင် ၁၅၅၈ စီးထုတ်လုပ်နိုင်ခဲ့ ခြင်းဖြစ်သည်။ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံခြောက်နိုင်ငံတွင် ကားသစ်တပ်ဆင် ထုတ်လုပ်မှုများ ပြုလုပ်နေပြီး အာဆီယံဒေသတစ်ခုလုံးအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ရှစ်ရာခိုင်နှုန်း တိုးတက်မှုရှိသော်လည်း ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၃၂၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် ရာခိုင်နှုန်း ၁၅၀ နီးပါး၊ ၂၀၁၉ ခုနှစ်တွင် ၂၄ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်။

အာဆီယံ စျေးကွက်တစ်ခုလုံးအနေဖြင့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်း ကားသစ်တပ်ဆင်ထုတ်လုပ်မှု ပမာဏ ၂၂၃၆၆၄ စီးရှိပြီး ယခင်နှစ်ကာလတူထက် ၃၆ ဒသမ ၇  ရာခိုင်နှုန်းကျဆင်းခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တပ်ဆင်ထုတ်လုပ်သည့် ကားသစ်စီးရေမှာ ၄၉၃၀ စီးဖြစ်ပြီး ၂၀၁၆ ခုနှစ်ကထက် ၃၇၇၈ စီးပိုမိုခဲ့ကာ တိုးတက်မှုပမာဏ ၃၂၈ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ကားစီးရေ ၁၂၂၉၂ စီးတပ်ဆင်ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၇၃၆၂ စီးပိုမိုခဲ့ကာ တိုးတက်မှုနှုန်း ၁၄၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း လအလိုက် ထုတ်လုပ်ခဲ့သည့် ကားသစ်စီးရေပမာဏများမှာ ဇန်နဝါရီတွင် ၁၄၀၁ စီး၊ ဖေဖော်ဝါရီတွင် ၁၂၉၈ စီး၊ မတ်တွင် ၁၀၄၃ စီး၊ ဧပြီတွင် ၈၈၅ စီး၊ မေတွင် ၁၅၀၁ စီး၊ ဇွန်တွင် ၁၄၉၂ စီး၊ ဇူလိုင်တွင် ၁၁၃၅ စီး၊ သြဂုတ်တွင် ၁၃၈၁ စီး၊ စက်တင်ဘာတွင် ၁၄၅၃ စီး၊ အောက်တိုဘာတွင် ၁၂၂၆ စီး၊ နိုဝင်ဘာတွင် ၁၂၂၇ စီး၊ ဒီဇင်ဘာတွင် ၁၄၀၄ စီးဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း စုစုပေါင်းကားစီးရေ ၁၅၄၉၆ စီးထုတ်လုပ်နိုင်ခဲ့ကာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ သြဂုတ်အတွင်း ကားသစ်ထုတ်လုပ်မှု ၉၀၇၃ စီးရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၀ ဒသမ ၅ ရာခိုင်နှုန်းလျော့ကျခဲ့သည်။              

Most Read

Most Recent