COVID-19 ကပ်ရောဂါကြောင့် မဲရုံပိတ်ချိန်ကို တိုးမြှင့်သွားဖွယ်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ပြောကြား

COVID-19 ကပ်ရောဂါကြောင့် မဲရုံပိတ်ချိန်ကို တိုးမြှင့်သွားဖွယ်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ပြောကြား
ဇူလိုင် ၂၅ ရက်က သာကေတမြို့နယ် မဲရုံတစ်ရုံတွင် မဲစာရင်းလာရောက်ကြည့်ရှုနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ဇူလိုင် ၂၅ ရက်က သာကေတမြို့နယ် မဲရုံတစ်ရုံတွင် မဲစာရင်းလာရောက်ကြည့်ရှုနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 7 October 2020
ဉာဏ်လင်းထွန်း

COVID-19 ကပ်ရောဂါကြောင့် မဲရုံပိတ်ချိန်ကို တိုးမြှင့်ဖွယ်ရှိပြီး အချိန်မီထုတ်ပြန်ပေးသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောကြားသည်။

နေပြည်တော် ဇမ္မူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက်ရှိ အ.ထ.က (၅) ကျောင်းတွင် ပြုလုပ်သည့် COVID-19 လမ်းညွှန်ချက်နှင့်အညီ ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ရွေးကောက်ပွဲဥပဒေများတွင် မဲရုံများကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

“ လိုအပ်ရင် ကျွန်တော်တို့က ဖြစ်ဖို့များတာကတော့ နံနက်ထက်စာရင် ညနေကို တိုးကောင်းတိုးနိုင်ပါတယ်။ အဲဒါဆိုလည်းအချိန်မီ ထုတ်ပြန်ပေးပါမယ်” ဟု  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောကြားသည်။

ဥပဒေတွင် ဆန္ဒမဲပေးခွင့်ရှိသူများ ဆန္ဒမဲပေးခြင်း ပြီးစီးလျှင် မဲရုံကို ညနေ ၄ နာရီ ထက်စော၍ ပိတ်နိုင်သလို မဲရုံပိတ်ချိန်အထိ ဆန္ဒမဲပေးသူ ကျန်ရှိလျှင် မဲရုံပရိဝုဏ်အတွင်း ရောက်ရှိသူများကို ဆန္ဒမဲပေးခွင့်ပြုရမည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အချို့သောမဲရုံများ၌ မဲရုံပိတ်ချိန် ညနေ ၄ နာရီအထိ မဲပေးချိန် မလုံလောက်မှုဖြစ်ပေါ်ခဲ့ရာ ကပ်ရောဂါဖြစ်ပွားသည့်ကြားမှ ကျင်းပမည့် လာမည့်ရွေးကောက်ပွဲတွင် မဲပေးချိန် ပိုမိုလိုအပ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာမည့်ရွေးကောက်ပွဲတွင် မဲပေးချိန်တိုးပေးရန် ရှိ၊ မရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကို သြဂုတ် ၅ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အွန်လိုင်းစကားဝိုင်းတွင် မေးမြန်းမှုရှိခဲ့သည်။

ယင်းသို့ မေးမြန်းမှုအပေါ် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မဲရုံပိတ်ချိန် ညနေ ၄ နာရီအတွင်း မဲရုံပရိဝုဏ်အတွင်း ရောက်ရှိသည့် မဲဆန္ဒရှင်များ မဲပေးခွင့်ရရေး ဆောင်ရွက်မည်ဟုသာဖြေကြားပြီး မဲပေးချိန်တိုးမြှင့်ခြင်း ရှိ၊ မရှိ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

သို့ရာတွင် ဦးမြင့်နိုင်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့်အချက်အပေါ် စဉ်းစားသုံးသပ်သွားမည်ဟု အဆိုပါအွန်လိုင်းစကားဝိုင်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် ဆန္ဒမဲပေးရာတွင် COVID-19 ကူးစက်ပြန့်ပွားမှုမရှိစေရန် မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးနိုင်သူ အရေအတွက်ကို ယခင်က ထက်လျှော့ချထားပြီး မဲဆန္ဒရှင် ၁၀၀၀ ထက်ပိုသည့် မဲရုံများတွင် အဆိုင်းခွဲ၍ မဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်လျက်ရှိသည်။ 

ထို့ကြောင့် ကော်မရှင်သည် COVID-19 ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးခြင်းသရုပ်ပြမှုကို အောက်တိုဘာ ၆ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သလို ယခင်ဆောင်ရွက်မှုများအရ မဲဆန္ဒရှင်တစ်ဦးလျှင် မဲပေးချိန် ခြောက်မိနစ်ဝန်းကျင်ကြာမြင့်ကြောင်း ကော်မရှင်က သုံးသပ်ထားသည်။

နေပြည်တော် ဇမ္မူသီရီမြို့နယ်တွင် ပြုလုပ်သည့် ဆန္ဒမဲပေးခြင်းသရုပ်ပြပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ လိုအပ်သည့်အချက်များ မှာကြားခဲ့ကြောင်း ကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောကြားထားသည်။

Most Read

Most Recent