COVID-19 ဖြစ်ပွားနေသည့် ကာလအတွင်း လစဉ်ပေးဆောင်ရမည့် လစာဝင်ငွေခွန်များကို သုံးလတစ်ကြိမ် ပေးသွင်းခွင့်ပြုရန် တင်ပြလျှောက်ထားလာပါက ဆောင်ရွက်ပေးမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန အသိပေး ကြေညာ

COVID-19 ဖြစ်ပွားနေသည့် ကာလအတွင်း လစဉ်ပေးဆောင်ရမည့် လစာဝင်ငွေခွန်များကို သုံးလတစ်ကြိမ် ပေးသွင်းခွင့်ပြုရန် တင်ပြလျှောက်ထားလာပါက ဆောင်ရွက်ပေးမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန အသိပေး ကြေညာ
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို တွေ့ရစဉ်
Published 7 October 2020
စည်သူအောင်

COVID-19 ဖြစ်ပွားနေသည့် ကာလအတွင်း လစဉ်ပေးဆောင်ရမည့် လစာ ဝင်ငွေခွန်များကို သုံးလ တစ်ကြိမ် ပေးသွင်းခွင့်ပြုရန် တင်ပြလျှောက်ထားလာပါက ဆောင်ရွက်ပေးမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်အစိုးရသည် COVID-19 ကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် COVID-19 Economic Relief Plan အား ပန်းတိုင်ခုနစ်ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ပန်းတိုင် ခုနစ်ရပ်မှ ပန်းတိုင် (၂) ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍများအား တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိက ကဏ္ဍများအပေါ် အကျိုးသက်ရောက်မှုများကို ဖြေလျှော့ပေးခြင်းကဏ္ဍ၏ မဟာဗျူဟာတစ်ရပ်ဖြစ်သော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ ဖြေလျှော့ပေးခြင်းများတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

COVID-19 Economic Relief Plan သည် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် အကျိုးသက်ရောက်သည်။ ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်သတ်မှတ်ပေးရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သုံးလ တစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့်  လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့် ပတ်သက်၍ တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများနှင့်အညီ အခွန်ပေးဆာင်ရမည့် ရက်ကို တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။

ယင်းတို့မှာ အခွန်ပေးဆောင်ရမည့် ရက်ကို စက်တင်ဘာ ၃၀ ရက်အထိ တိုးမြှင့်ပေးခြင်း (စီမံကိန်း၊ ဘဏ္ဍာရေးနှင့်  စက်မှုဝန်ကြီးဌာန၏ မတ် ၁၈ ရက် နေ့စွဲပါ ကြေညာချက် အမှတ် ၁/၂၀၂၀)၊ အခွန်ပေးဆောင်ရမည့်ရက်အား ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ပေးခြင်း (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ စက်တင်ဘာ ၇ ရက် နေ့စွဲပါ ကြေညာချက် အမှတ် ၃/၂၀၂၀) တို့ဖြစ်သည်။

ထို့အတူ ပြည်ပပို့ကုန်အပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ခံခြင်း ဖြေလျှော့ပေးခြင်းနှင့် ပတ်သက်၍ စက်တင်ဘာ ၃၀ ရက်အထိ ကင်းလွတ်ခွင့်ပြုခြင်း (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ မတ် ၂၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃၈/၂၀၂၀)၊ ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်မံ၍ ကင်းလွတ်ခွင့်ပြုခြင်း (စီမံကိန်းနှင့် ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ စက်တင်ဘာ ၁၅ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၀၃/ ၂၀၂၀) တို့ဖြစ်သည်။

ထို့ပြင် ဇွန် ၁၇ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၅/၂၀၂၀ ဖြင့် အခွန်ဆိုင်ရာ ခုနှိမ်ခွင့်များပေးခြင်းနှင့် အသုံးစရိတ်များ တိုးမြှင့်ခွင့်ပြုခြင်းအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာအပေါ် ပြန်အမ်းငွေ ရပိုင်ခွင့်မရှိသည့် အခွန်ခုနှိမ်ခွင့် ၁၀ ရာခိုင်နှုန်းခွင့်ပြုခြင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာအပေါ် အသုံးစရိတ်အဖြစ် တိုးမြှင့်နုတ်ပယ်ခွင့် ၁၂၅ ရာခိုင်နှုန်းခွင့်ပြုခြင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မ-တည် အပိုင်ပစ္စည်း (Capital Equipment) များတွင် ထပ်တိုး ရင်းနှီးမြှုပ်နှံမှုအတွက် ပြန်အမ်းငွေရပိုင်ခွင့် မရှိသည့် အခွန်ခုနှိမ်ခွင့် ၁၀ ရာခိုင်နှုန်း ခွင့်ပြုခြင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မ-တည် အပိုင်ပစ္စည်း (Capital Equipments) များ တွင် ထပ်တိုး ရင်းနှီးမြှုပ်နှံမှုအတွက် တန်ဖိုးလျှော့စရိတ်ကို တိုးမြှင့်နုတ်ပယ်ခွင့် ၁၂၅ ရာခိုင်နှုန်း ခွင့်ပြုခြင်းတို့ ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာန၏ ထပ်မံ ဖြေလျှော့ပေးမှုများအနေဖြင့် COVID-19 Economic Relief Plan တွင် ပါဝင်ခြင်း မရှိသော်လည်း ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် COVID-19 ဖြစ်ပွားနေသည့် ကာလအတွင်း အထူးဖြေလျှော့သောအားဖြင့် လစဉ်ပေးဆောင်ရမည့် လစာဝင်ငွေခွန် များကို သုံးလတစ်ကြိမ် ပေးသွင်းခွင့်ပြုပါရန် တင်ပြလျှောက်ထားလာပါက ဆောင်ရွက်ပေးနိုင်စေရေးအတွက် ညွှန်ကြားထားရှိပြီး ဖြစ်သည်။ ထိုသို့တင်ပြ လျှောက်ထားလာမှုများအပေါ် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေ ပုဒ်မ ၆၄၊ ပုဒ်မခွဲ (စျ) အရ ဒဏ်ကြေးငွေ တပ်ရိုက်မည် မဟုတ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေညာထားသည်။

Most Read

Most Recent