COVID-19 ကြောင့် ထိခိုက်ခဲ့သည့် တောင်သူများအတွက် CERP အရ မိုးစပါးမျိုးစေ့ထုတ် ဧကတစ်သိန်းအတွက် ကျပ် ၁၄ ဒသမ ၉၁ ဘီလျံအပါအဝင် ကျေးလက်နေ ဝင်ငွေနည်းမိသားစုများအတွက် Cash for Work အစီအစဉ်များဆောင်ရွက်ပေးခဲ့

COVID-19 ကြောင့် ထိခိုက်ခဲ့သည့် တောင်သူများအတွက် CERP အရ မိုးစပါးမျိုးစေ့ထုတ် ဧကတစ်သိန်းအတွက် ကျပ် ၁၄ ဒသမ ၉၁ ဘီလျံအပါအဝင် ကျေးလက်နေ ဝင်ငွေနည်းမိသားစုများအတွက် Cash for Work အစီအစဉ်များဆောင်ရွက်ပေးခဲ့
ဓာတ်ပုံ- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဓာတ်ပုံ- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Published 6 October 2020
နီလာ

COVID-19 ကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသည့် တောင်သူလယ်သမားများအတွက် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan- CERP) အရ မိုးစပါးမျိုးစေ့ထုတ်ဧက တစ်သိန်းအတွက် ကျပ် ၁၄ ဒသမ ၉၁ ဘီလျံအပါအဝင် ကျေးလက်နေ ဝင်ငွေနည်းမိသားစုများအတွက် Cash for Work အစီအစဉ်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသည့် တောင်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ထူထောင်မြှင့်တင်ပေးရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရက ရေးဆွဲချမှတ်ထားသော COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan- CERP) ၏ Cash or Lending Support Action Plan စီမံချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မိုးစပါးမျိုးစေ့ထုတ် ဧကတစ်သိန်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan- CERP) အရ မိုးစပါးမျိုးစေ့ထုတ် ဧကတစ်သိန်းအတွက် ကျပ် ၁၄ ဒသမ ၉၁ ဘီလျံအပါအဝင် ကျေးလက်နေ ဝင်ငွေနည်းမိသားစုများအတွက် Cash for Work အစီအစဉ်၊ ကျေးရွာ မ,တည် ရန်ပုံငွေအစီအစဉ်၊ မွေးမြူရေးနှင့် ကုသရေးလုပ်ငန်းစဉ်များ၊ စက်မှုလယ်ယာလုပ်ငန်း၊ ဆည်ရေ သောက်မြောင်းများနှင့် တာတမံလုပ်ငန်းများ၊ ငါးသားပေါက်ဖြန့်ဖြူးခြင်းလုပ်ငန်းစသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

COVID-19 ကြောင့် တောင်သူများ၏ စိုက်ပျိုးရေးထုတ်ကုန်များကို စျေးကွက်ထိခိုက်မှုနှင့် ရောင်းလိုအား၊ ဝယ်လိုအား မမျှတမှုကြုံတွေ့ရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

COVID-19 ကပ်ရောဂါကျရောက်သည့်အချိန်တွင် နိုင်ငံအသီးသီးက ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်ရန်အတွက် ကျန်းမာရေးဆိုင်ရာ လူမှုရေးဆိုင်ရာနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ထုတ်ပြန်ခဲ့သည့်အတွက် ကုန်ထုတ်လုပ်မှုများ၊ ဝန်ဆောင်မှုများနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် နှေးကွေးမှုဆိုသည့် အကျိုးသက်ရောက်မှုများမှာ အခြားနိုင်ငံများနည်းတူ ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ အကျိုးဆက်အနေနဲ့ လယ်ယာကဏ္ဍမှာရှိတဲ့ ကျေးလက်ပြည်သူတွေမှာအပေါ်မှာ  အကျိုးသက်ရောက်မှုတွေ ရခဲ့ပါတယ်။ အဲဒီရလာတဲ့အကျိုးသက်ရောက်မှုတွေမှာ ပထမအနေနဲ့ ပြောရမယ်ဆိုရင် လက်ရှိကုန်စည် စီးဆင်းမှု နှေးကွေးမှုများနဲ့အတူ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးရေးထွက်ကုန်များကို စျေးကွက်ထိခိုက်မှုနဲ့ ရောင်းလိုအား ဝယ်လိုအား မမျှတမှုကို ကြုံတွေ့ခဲ့ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ဒုတိယအချက်အနေဖြင့် ပို့ကုန်လမ်းကြောင်းများ ရပ်ဆိုင်းသွားသည့်အတွက် ပြည်ပတင်ပို့မှု တုံ့ဆိုင်းသွားသည်ကို တွေ့ရကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့်အခက်အခဲမှာ သိုလှောင်ထိန်းသိမ်းမှု အခြေခံအဆောက်အအုံ မပြည့်စုံသည့် အားနည်းချက်တစ်ခုပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တတိယအနေဖြင့် နယ်စပ်ကုန်သွယ်ရေးတွင် တစ်ဖက်နိုင်ငံ၏မူဝါဒအပြောင်းအလဲနှင့်အတူ တင်းကျပ်သည့် စည်းမျဉ်းများကြောင့် ကုန်စည်စီးဆင်းမှုမှာ လက်ရှိကာလတွင် တုံ့ဆိုင်းနေသည်ကိုတွေ့ရကြောင်း သိရသည်။

“ စတုတ္ထအနေနဲ့  မိမိတို့နိုင်ငံအတွင်းမှာ အရည်အသွေးစိစစ်မှု အားနည်းချက် တစ်နည်းအားဖြင့်ပြောရရင် Lab များရဲ့ ပြည့်စုံမှု မရှိတဲ့အချက်ကို အားနည်းချက်တစ်ချက်အနေနဲ့ တွေ့ရပါတယ်။ ပဥ္စမကတော့ ပြည်ပမှာ သွားရောက်လုပ်ကိုင်နေသူတွေကနေ ကျေးလက်နေ မိသားစုတွေအပေါ်မှာ ငွေလွှဲမှု၊ လွှဲပြီးပို့နိုင်တဲ့အနေအထား လျော့နည်းသွားတာတွေ့ရပါတယ်။ ဒါရဲ့နောက်ဆက်တွဲအနေနဲ့ ကျေးလက်နေ တောင်သူများရဲ့ ခြိုးခြံချွေတာသုံးစွဲရတဲ့အတွက် လယ်ယာကဏ္ဍမှာ  ရင်းနှီးမြှုပ်နှံမှုပမဏ လျော့ကျနိုင်တယ်ဆိုတာ သတိထားမိတာဖြစ်ပါတယ်။ ဒါကြောင့်မို့  ထုတ်လုပ်မှုအားကို လျော့ကျနိုင်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

COVID-19 ကြောင့် အသွားအလာကန့်သတ်မှု၏ နောက်ဆက်တွဲအနေဖြင့် လယ်ယာလုပ်ငန်းနှင့် ယင်းနှင့်ဆက်စပ်သည့် လုပ်ငန်းများတွင် အသွားအလာကန့်သတ်မှုကြောင့် ဝင်ငွေရလုပ်ငန်းများ လျော့ကျသွားသည်ကို တွေ့ရကြောင်း၊ အဆိုပါအချက်များမှာ အကျိုးသက်ရောက်မှုများအဖြစ် တွေ့ရှိချက်များပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent