ရာသီအစ ပွဲစဉ်(၃)ပွဲကစားပြီးချိန်တွင် နိုင်ပွဲတစ်ပွဲသာရထားပြီး ရမှတ်လျော့ပါးမှုများရှိနေသော်လည်း အသင်းအတွက် စိုးရိမ်ပူပန်စရာမရှိဟု ဂွါဒီယိုလာ ဆို

ရာသီအစ ပွဲစဉ်(၃)ပွဲကစားပြီးချိန်တွင် နိုင်ပွဲတစ်ပွဲသာရထားပြီး ရမှတ်လျော့ပါးမှုများရှိနေသော်လည်း အသင်းအတွက် စိုးရိမ်ပူပန်စရာမရှိဟု ဂွါဒီယိုလာ ဆို
Published 5 October 2020

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ရာသီအစတွင် အသင်းအနေဖြင့် ရမှတ်လျော့ပါးနေခြင်းအတွက် စိုးရိမ်ပူပန်စရာမရှိဟု ပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲကစားပြီးချိန်တွင် နိုင်ပွဲ (၁)ပွဲသာရထားပြီး (၁)ပွဲသရေ၊ (၁)ပွဲရှုံးဖြင့် ရမှတ်(၄)မှတ်သာရရှိထားသည်။ ရာသီအစတွင် ယင်းကဲ့သို့ ရမှတ်လျော့ပါးပြီး ချန်ပီယံ လီဗာပူးလ်အသင်းနှင့် ရမှတ်ကွာဟမှုများရှိနေသော်လည်း မိမိအနေဖြင့် စိုးရိမ်မှုမရှိကြောင်း ဂွါဒီယိုလာက ပြောကြားခဲ့သည်။

''ကျွန်တော်တို့ရဲ့အကောင်းဆုံးအနေအထားနဲ့ ကင်းကွာနေတာတော့ ကျွန်တော် ကောင်းကောင်းသိပါတယ်။ ကျွန်တော့်ဆီမှာ အကြောင်းပြချက်များစွာရှိနေပေမယ့် ကျွန်တော်တို့အသင်းဟာ အကောင်းဆုံးပုံစံနဲ့အလှမ်းဝေးကွာနေတယ်ဆိုတာကတော့ အထင် အရှားပါပဲ။ ကျွန်တော်တို့ လက်စတာကို ရှုံးနိမ့်ခဲ့တဲ့ပွဲတုန်းကလည်း ကြံ့ခိုင်မှုဆိုင်ရာအခြေအနေကြောင့်သာမဟုတ်ဘဲ လူမစုံတဲ့ပြဿနာတွေလည်း ပါဝင်ပါတယ်။ ပွဲတစ်ပွဲတည်းမှာ ပယ်နယ်တီ(၃)ဂိုးလောက်ပေးရရင်လည်း အဲဒီလိုပွဲမျိုးကိုနိုင်ဖို့က ခက်ခဲပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိမှာ ရှိသင့်တဲ့အခြေအနေမျိုးမရှိတာကတော့ အသေအချာပါပဲ။ အကြောင်းပြချက်ပေးရရင်တော့ ဒဏ်ရာတွေ၊ ကိုဗစ်ပြဿနာနဲ့ တခြားအကြောင်းအရာတွေပါပဲ''ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီ Restart ကာလက ဥရောပ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ရခြင်းကြောင့် ယခုရာသီအစပွဲစဉ် (၁)ကို မကစားရသေးဘဲ တစ်ပွဲလျော့လျက်ရှိနေသည်။ သို့ဖြစ်ရာ ဂွါဒီယိုလာက မိမိတို့ထံတွင် ပွဲကျန်တစ်ပွဲရှိနေသေးပြီး ယင်းပွဲကိုအနိုင်ရရှိခဲ့လျှင် ထင်သလောက် အခြေအနေဆိုးရွားမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဒုတိယနေရာရယူနိုင်ခဲ့သော်လည်း ရာသီကုန်တွင် ဦးဆောင်သူ လီဗာပူးလ်အသင်းနှင့် ရမှတ် (၁၈)မှတ်အထိ ကွာဟခဲ့သည်။ သို့ဖြစ်ရာ ယခုရာသီတွင်လည်း လီဗာပူးလ်အသင်းနှင့် ရမှတ်ကွာဟမှု ထပ်မံကြီးထွားဦးမည်လားဟု ဝေဖန်ပြောဆိုမှုများရှိနေရာ ဂွါဒီယိုလာက အသင်းအတွက်ပူပန်မှုမရှိကြောင်း ပြောကြား ခဲ့ခြင်းလည်းဖြစ်သည်။

မန်စီးတီးအသင်းသည် ၂၀၁၇-၁၈ ရာသီက ပရီးမီး ယားလိဂ်ပြိုင်ပွဲတွင် ရမှတ်(၁၀၀)အထိရရှိခဲ့ဖူးပြီး ပြိုင်ပွဲသမိုင်းတွင် တစ်ရာသီအတွင်း ရမှတ်အများဆုံးရရှိသည့် အသင်းအဖြစ်စံချိန်တင်ထားသည်။ ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းမှာ မန်စီးတီးအသင်း၏ ရာပြည့့်ရမှတ်စံချိန်ကို လိုက်မမီနိုင်ခဲ့ဘဲ ရာသီကုန်တွင် ရမှတ်(၉၉)မှတ်သာ ရရှိခဲ့သည်။

 

Most Read

Most Recent