Elite Tour 2020 စတုတ္ထဇုန်ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့် မြန်မာ Pool ကစားသမားဘုန်းမြင့်ကျော် (ခ) အားတီ နိုဝင်ဘာတွင်ကျင်းပမည့် နောက်ဆုံးအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ

Elite Tour 2020 စတုတ္ထဇုန်ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့် မြန်မာ Pool ကစားသမားဘုန်းမြင့်ကျော် (ခ) အားတီ နိုဝင်ဘာတွင်ကျင်းပမည့် နောက်ဆုံးအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ
Photos : Ko Ar Ti Facebook
Photos : Ko Ar Ti Facebook
Published 4 October 2020

မြန်မာ Pool ကစားသမား ဘုန်းမြင့် ကျော် (ခ) အားတီသည် Elite Tour 2020 စတုတ္ထဇုန်ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သောကြောင့် နိုဝင်ဘာတွင် ကျင်းပမည့် နောက်ဆုံးအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ကြောင်း သိရသည်။

Elite Tour 2020 ပြိုင်ပွဲကို ဇုန်အလိုက် ခွဲ၍ ကျင်းပခဲ့ပြီး ဇုန်ပြိုင်ပွဲလေးခုမှ ဗိုလ်လုပွဲ တက်ရောက်သည့် ကစားသမားရှစ်ဦးကို နောက်ဆုံးအဆင့်သို့ တက်ရောက်ယှဉ်ပြိုင် ခွင့်ပြုခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ပထမဇုန်၊ ဒုတိယဇုန်နှင့် တတိယဇုန်ပြိုင်ပွဲများတွင် ဗိုလ်လုပွဲတက်ရောက်နိုင်ခြင်းမရှိသောကြောင့် စက်တင်ဘာ ၂၇ ရက်မှ အောက် တိုဘာ ၁ ရက်အထိ ကျင်းပသည့် စတုတ္ထဇုန်ပြိုင်ပွဲ၌ ဗိုလ်လုပွဲတက်ရောက်နိုင်ရန် ကြိုးပမ်းခဲ့ရာ ဒုတိယဆုရရှိသဖြင့် နောက်ဆုံးအဆင့် တွင် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ 

ဘုန်းမြင့်ကျော်သည် ဇွန်လတွင်ကျင်းပသည့် ပထမဇုန် ပြိုင်ပွဲ၌ ၃၂ ဦးအဆင့်၊ ဇူလိုင်တွင်ကျင်းပသည့် ဒုတိယဇုန်ပြိုင်ပွဲ၌ ၃၂ ဦးအဆင့်၊ သြဂုတ်တွင် ကျင်းပသည့် တတိယဇုန်ပြိုင်ပွဲ၌ ဆီမီးဖိုင်နယ် အဆင့်ထိသာ တက်ရောက်ခဲ့ပြီး စက်တင်ဘာတွင်ကျင်းပသည့် စတုတ္ထဇုန်ပြိုင်ပွဲမှသာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို နိုဝင်ဘာတွင် ကစားသမား ၁၆ ဦးဖြင့် ကျင်းပရန် လျာထားပြီး ကျန်ကစားသမားရှစ်ဦးမှာ ဇုန်အလိုက် ပြိုင်ပွဲများတွင် ပါဝင်ခဲ့ခြင်းမရှိသည့် ပြင်ပမှ ထိပ်သီးကစားသမားများကို ယှဉ်ပြိုင်ခွင့်ပြုရန် စီစဉ်ထားကြောင်း သိရသည်။ 

"စတုတ္ထဇုန်ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့အတွက် နောက်ဆုံးအဆင့်ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ပုံမှန်လက်စွမ်းရအောင် ကြိုးစားနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ စတုတ္ထဇုန်ပြိုင်ပွဲမှာ အရင်ကထက် လက်ရည်ပိုတိုးတက်လာပေမဲ့ အားနည်းချက်တွေတော့ ရှိပါသေးတယ်။ နောက်ဆုံးအဆင့်က နိုဝင်ဘာမှာ ကစားရမှာဖြစ်လို့ ပြင်ဆင်ချိန် ရှိပါသေးတယ်။ အကောင်းဆုံးရလဒ်ရရှိအောင် ကြိုးစားသွားမှာပါ"ဟု ဘုန်းမြင့်ကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

ဘုန်းမြင့်ကျော်သည် ယခုလအတွင်း အခြားဖိတ်ခေါ်ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ဘုန်းမြင့်ကျော်သည် တရုတ်နိုင်ငံ၏ အဆင့်မြင့်မားသည့် Pool ပြိုင်ပွဲများတွင် ဆက်တိုက်ယှဉ်ပြိုင်ခွင့် ရထားပြီး ဧပြီမှ သြဂုတ်အထိ ကျင်းပခဲ့သည့် Chinese 8 Ball ပြိုင်ပွဲတွင်လည်း စတုတ္ထ နေရာရရှိခဲ့သည်။ Chinese 8 Ball ပြိုင်ပွဲမှာ ဆုကြေးချီးမြှင့်မှုများသလို တရုတ်နိုင်ငံ၏ ထိပ်သီးကစားသမားရှစ်ဦးသာ ယှဉ်ပြိုင်ခွင့်ရသည့် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ဘုန်းမြင့်ကျော်သည် အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သော်လည်း ဆီမီးဖိုင်နယ်နှင့် တတိယလုပွဲတွင် ရှုံးနိမ့်ခဲ့သဖြင့် စတုတ္ထနေရာဖြင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။

Most Read

Most Recent