ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ ဒေါ်လာ ၃၄၇ သန်းကျော်နှင့် ကျပ်သန်း ၂၃၄၀၀ ကျော်ရှိသည့် လုပ်ငန်းအသစ်ခုနစ်ခု MIC ထပ်မံခွင့်ပြု

ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ ဒေါ်လာ ၃၄၇ သန်းကျော်နှင့် ကျပ်သန်း ၂၃၄၀၀ ကျော်ရှိသည့် လုပ်ငန်းအသစ်ခုနစ်ခု MIC ထပ်မံခွင့်ပြု
Published 30 September 2020

ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ ဒေါ်လာ ၃၄၇ သန်းကျော်နှင့် ကျပ်သန်း ၂၃၄၀၀ ကျော်ရှိသည့် လုပ်ငန်းအသစ်ခုနစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ထပ်မံခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်က Video Conferencing စနစ်ဖြင့် ကျင်းပရာတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) မှ သိရသည်။

အဆိုပါအစည်းအဝေး၌ ဆောင်ရွက်ဆဲလုပ်ငန်းလေးခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ်ခုနစ်ခုကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၃၄၇ ဒသမ ၈၅ သန်းနှင့် ကျပ် ၂၄၃၁၁ ဒသမ ၂၅၅ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄၉၁၅ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

အစိုးရသစ်လက်ထက် လေးနှစ်ကျော်တွင် မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုတွင်းထွက်လုပ်ငန်းကဏ္ဍနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းစသည့် စီးပွားရေးလုပ်ငန်းများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ထားခြင်းဖြစ်သည်။

ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ငန်း ၂၉ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ခြောက်ဘီလျံကျော်ရှိရာ စုစုပေါင်းပမာဏ၏ ၂၆ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဝင်ရောက်ထားခြင်း ဖြစ်သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်း ၆၉၅ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ခြောက်ဘီလျံနီးပါးရှိရာ စုစုပေါင်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယအများဆုံးဝင်ရောက်ထားကြောင်း သိရသည်။ စွမ်းအင်ကဏ္ဍတွင် လုပ်ငန်းပေါင်း ၁၉ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သုံးဘီလျံကျော်ရှိသည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လုပ်ငန်းပေါင်း ၂၄ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၇၀၀ ကျော်ရှိသည်။ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် လုပ်ငန်းပေါင်း ၃၆ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၄၅၀ ကျော်ရှိသည်။

Most Read

Most Recent