စတင်ကျင်းပနေပြီဖြစ်သည့် ၂၀၂၀-၂၀၂၁ ရာသီ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲငါးခုအနက် ပရီးမီးယားလိဂ်နှင့် လာလီဂါမှလွဲ၍ ကျန်ပြိုင်ပွဲများဖြစ်သည့် ဘွန်ဒစ်လီဂါ၊ စီးရီးအေနှင့် လီဂူး-၁ ပြိုင်ပွဲများတွင် အရေအတွက် အကန့်အသတ်ဖြင့် ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ပြုထားသည်။
ဥရောပနိုင်ငံများ၌ COVID-19 ရောဂါ ဒုတိယလှိုင်းစတင်နေပြီး ကူးစက်မှုများ ပြန်လည်မြင့်တက်နေသော်လည်း ဘောလုံးပွဲများတွင် ပရိသတ်များကြည့်ရှုခွင့်ကို တဖြည်းဖြည်းချင်းတိုးမြှင့်၍ ခွင့်ပြုသွားမည် ဖြစ်ကြောင်း အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက အတည်ပြု ပြောကြားခဲ့သည်။
စတင်ကျင်းပနေပြီဖြစ်သည့် ၂၀၂၀-၂၀၂၁ ရာသီ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲငါးခုအနက် ပရီးမီးယားလိဂ်နှင့် လာလီဂါမှလွဲ၍ ကျန်ပြိုင်ပွဲများဖြစ်သည့် ဘွန်ဒစ်လီဂါ၊ စီးရီးအေနှင့် လီဂူး-၁ ပြိုင်ပွဲများတွင် အရေအတွက် အကန့်အသတ်ဖြင့် ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ပြုထားသည်။ လီဂူး-၁ ပြိုင်ပွဲက ပရိသတ် ၅၀၀၀ နှင့် ဘွန်ဒစ်လီဂါ ပြိုင်ပွဲက ကွင်းဝင်ဆံ့သည့်ပမာဏ၏ ရာခိုင်နှုန်း ၂၀ ကြည့်ရှုခွင့်ပြုထားသော်လည်း စီးရီးအေတွင်မူ ပရိသတ် ၁၀၀၀ သာ ကြည့်ရှုခွင့်ပြုသေးကြောင်း သိရသည်။
ထို့ကြောင့် ပရိသတ်အရေအတွက် တိုးမြှင့်ကြည့်ရှု ခွင့်ပြုမည့်အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းမှုများအပေါ် အားကစားဝန်ကြီး စပါဒါဖိုရာက "အခုလောလောဆယ်တော့ လူ ၁၀၀၀ ထက် ပိုပြီး ခွင့်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ အောက်တိုဘာ ၈ ရက်ကစပြီး အမိန့် အသစ်ထုတ်ပြန်တဲ့အခါ အားကစား ကွင်းတွေပြန်ဖွင့်နိုင်ဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်သွားမှာပါ။ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့လည်း ကျွန်တော်တို့ အနီးကပ်လုပ်ဆောင်နေပါတယ်။ ဝင်ပေါက်ထွက်ပေါက်တွေမှာ လူတွေသွားလာမယ့်ကိစ္စတွေအပါအဝင် အားလုံးကို သုံးသပ်နေပါတယ်။ အခုအချိန်မှာ နိုင်ငံအများစုမှာ ကူးစက်မှုအရေအတွက် အရမ်းမြင့်တက်နေပြီး ကျွန်တော်တို့ အနေနဲ့ အဲဒီလိုမျိုးမဖြစ်အောင်လို့ မျှော်မှန်းထားပါတယ်။ ဒါကြောင့် အားကစားကွင်းတွေပြန်ဖွင့်ပြီး လူတွေပိုကြည့်ခွင့်ပေးဖို့ မဖြစ်နိုင်သေးပါဘူး" ဟု ဖြေကြားခဲ့သည်။