အရှင်ဂန္ဓသာရာလင်္ကာရ (စာချနာယကဆရာတော်၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်)နှင့် တွေ့ဆုံမေးမြန်းခြင်း

အရှင်ဂန္ဓသာရာလင်္ကာရ (စာချနာယကဆရာတော်၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်)နှင့် တွေ့ဆုံမေးမြန်းခြင်း
Published 26 September 2020
ကြည်နိုင်၊ မျိုးထွန်း

‘ဆရာတော်ကြီးရဲ့ ကျန်းမာရေးအခြေအနေ အားလုံးကောင်းပါတယ်။ ဆရာတော်ကြီးကိုလည်း မနေ့က စစ်ဆေးတဲ့အထဲမှာ ပါပါတယ်။ ဆရာတော်ကြီးလည်း Negative ပါ။ ဆရာတော်ကြီး ဘေးနားမှာ ဝေယျာဝစ္စလုပ်နေတဲ့ ကျောင်းသားတွေ၊ ဦးဇင်းတွေလည်း Negative ထွက်ပါတယ်။ အကုန်ကောင်းပါတယ်’

 

အင်းစိန်မြို့နယ်ရှိ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၇၅ ပါးတွင် COVID-19 ရောဂါပိုးဖြစ်ပွားခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် စာသင်တိုက်ဘက်မှ သတင်းများထုတ်ပြန်ပြီးနောက် အဆိုပါစာသင်တိုက်၏ အခြေအနေအရပ်ရပ်နှင့်ပတ်သက်၍ စာချနာယကဆရာတော် အရှင်ဂန္ဓသာရာလင်္ကာရနှင့် စက်တင်ဘာ ၂၄ ရက်၊ စက်တင်ဘာ ၂၅ ရက်တို့တွင် Eleven Media Group က ဆက်သွယ်မေးမြန်းမှုများကို ဖော်ပြအပ်ပါသည်။ စက်တင်ဘာ ၂၄ ရက်တွင် သံဃာတော် ၇၅ ပါးပိုးတွေ့ကြောင်း ထုတ်ပြန်ပြီးနောက် ကျန်သံဃာတော်များကို စစ်ဆေးခဲ့ရာ ၂၇၉ ပါးတွင် ရောဂါတွေ့ရှိခဲ့ပြီး စုစုပေါင်း ၃၅၄ ပါး၌ ရောဂါဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေး - အရှင်ဘုရား စာသင်တိုက်မှာ သံဃာ ၇၅ ပါး COVID-19 ရောဂါပိုးတွေ့တာနဲ့ ပတ်သက်ပြီး မိန့်ကြားပေးပါဦးဘုရား။

ဖြေ - ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က ကိုယ်တော်လေးတစ်ပါး ဖျားနေတယ်။ နှာခေါင်းမှာ အနံ့မရတဲ့အကြောင်း ဦးဇင်းတို့ကို လာပြီး အကြောင်းကြားတယ်။ အဲဒါနဲ့ဦးဇင်းတို့က ဒီကျောင်းတိုက်ထဲမှာ အမြဲတမ်းရှိနေ တဲ့ တပ်မတော်က လွှတ်ထားတဲ့ ဆရာဝန်သုံးယောက်နဲ့ သွားပြီးတော့ တိုင်ပင်တယ်။ တိုင် ပင်တော့ အဲဒီဆရာဝန်တွေက ဒါဆိုးတဲ့အ ခြေအနေဆိုပြီးတော့ အထက်ကိုတင်ပြတယ်။ တင်ပြပြီးတော့ ၂၂ ရက်နေ့ မနက်မှာ အဲဒီ ဦးဇင်းတစ်ပါးနဲ့ ကျန်တဲ့ဆက်စပ်တဲ့ ၁၃ ပါးကို စစ်ချက်ယူလိုက်တယ်။ စစ်ချက်ယူပြီး တော့ ၂၃ ရက် မနက်မှာ အဖြေထွက်တယ် ဒကာ ကြီး။ အဖြေထွက်တော့ ၁၃ ပါး စစ်တဲ့ အထဲက ၁၂ ပါးက ပိုးတွေ့တယ်။ အဲဒီ ၁၂ ပါးနဲ့ ဆက် စပ်တွေကို ၂၃ ရက် နေ့လယ်ပိုင်းမှာ Swab ယူ ပြီးတော့ စစ်တဲ့အခါမှာ ဒီ ၂၄ ရက် မနက်မှာ ၁၂၂ ပါး Swab ယူတဲ့အထဲက ၆၃ ပါး တွေ့ တယ်။ အဲဒီတော့ နှစ်ရက်ပေါင်း ၇၅ ရှိပြီ။

မေး- ကျောင်းမှာ သံဃာစုစုပေါင်း ဘယ်လောက် ရှိပါသလဲဘုရား။ ဒကာတွေရောအပါအဝင် ဘုရား။

ဖြေ - ဦးဇင်းတို့ကျောင်းမှာ ကျောင်းသားနဲ့ ဝေယျာဝစ္စပေါင်း လူဒကာအနေနဲ့ ၅၅ ဦး လောက်ရှိတယ်။ သံဃာအနေနဲ့ ၅၃၂ ပါးရှိ တယ် ဒကာကြီး။

မေး - ဒီသံဃာတော် ၇၅ ပါးနဲ့ ဆက်စပ်တဲ့ သံဃာ တော်တွေကိုရော ထပ်စစ်ဖို့ရှိသေးလား ဘုရား။

ဖြေ - ဒီနေ့ ( စက်တင်ဘာ ၂၄) နေ့လယ်က စစ်တယ်။ တပ်က လေးဖွဲ့ခွဲပြီးတော့ လာ တယ်။ လာပြီးတော့ သူတို့ ကျောင်းထဲမှာရှိတဲ့ သံဃာတွေရော၊ လူတွေရော အကုန်လုံးကို စစ်ဆေးပြီး Swab ယူသွားတယ်။ မနက်ဖြန် (စက်တင်ဘာ ၂၅) မှာ သိရမယ်ထင်တယ်။ တိုင်းကျန်းမာရေးက ဆရာဝန်ကြီးတွေလည်း လာတယ်။ အဲဒီတပ်ကလည်းပဲ လာတယ်။ သူတို့နှစ်ခုပူးပေါင်းပြီးတော့ ဦးဇင်းတို့ကို ဆောင်ရွက်ပေးနေတယ် ဒကာကြီး။

မေး- ပိုးကို ဘယ်ကနေစပြီးတွေ့လဲ။ ဘယ်ကနေစပြီး ကူးတာလဲ။ ကျောင်းက သံဃာတော်တွေ အပြင်ထွက်တဲ့ အခြေအနေလေးလည်း မိန့်ပါဦးဘုရား။

ဖြေ - အဲဒါတော့ ဦးဇင်းတို့ သုံးလပိုင်းကနေ စပြီးတော့ လုံးဝဆွမ်းခံမထွက်တော့ဘူး။ နံပါတ်တစ်အချက်ပါ။ ကြားထဲမှာ သံဃာတွေ အပြင်ထွက်ခွင့်ရှိတာဆိုလို့ သံဃာတွေ စာ မေးပွဲဖြေတဲ့အချိန်ကပဲ သံဃာတွေ အပြင် ထွက်တယ်။ ဒါလည်းပဲကျောင်းကနေ အပို့ အကြိုတွေ အမြဲတမ်းလုပ်ပေးတယ် ဒကာ ကြီး။ ပြီးကျတော့ ကျောင်းမှာ အဝင်အထွက် ဂိတ်ကိုလည်း အမြဲတမ်းအစောင့်နဲ့အစစ် ဆေးနဲ့ ထားတယ်။ ဂိတ်ဝမှာလည်း ပိုးသတ် စက်တစ်ခုထားတယ်။ အဲဒီထဲမှာဝင်ပြီး ပိုး သတ်ရမယ်။ လက်ဆေးရမယ်။ အဲဒီစည်း ကမ်းတွေ အမြဲတမ်းလုပ်တယ်။ ဒီဟာ(ပိုး)က ဘယ်ကနေဘယ်လိုဝင်လာသလဲကို ဦးဇင်းတို့ ကျောင်းထဲက စာချဘုန်းကြီးတွေ ရော၊ နာယကတွေရော ဆရာတော်ရော ဘယ် လိုမှ ခန့်မှန်းလို့မရအောင် အခြေအနေရှိ တယ် ဒကာကြီး။ ဦးဇင်းတို့ ယိုပေါက်တွေကို လိုက်ကြည့်တဲ့အခါမှာတော့ ဖြစ်နိုင်ခြေက တော့ တော်တော်နည်းတယ်။ ဦးဇင်းတို့ဆိုရင် စာသင်သားသံဃာတွေမှာ ဘယ်လိုမှ ပိုး တွေ့စရာ အကြောင်း မရှိဘူးလို့ကို ထင်တယ်။ အဲဒီတော့ ခန့်မှန်းလို့မရဘူး။

မေး- အခုကျောင်းတွင်း အခြေအနေရော ဘယ်လို ရှိပါသလဲ ဘုရား။

ဖြေ- ကျောင်းတွင်းအခြေအနေကတော့ ဦးဇင်းတို့ စာသင်စာချတွေ ခဏနားထား တယ်။ ဆွမ်းကွမ်းကိုလည်းပဲ သူတို့ဆိုင်ရာ ဆိုင်ရာ အဆောင်တွေကို လိုက်ပို့ပေးတယ်။ တစ်ပါးနဲ့တစ်ပါး ကျဲကျဲနေခိုင်းတယ်။ နေတဲ့ အခါမှာလည်းပဲ အမြဲတမ်းဖြစ်နိုင်သမျှ Mask တပ်ပြီးနေဖို့ ခိုင်းတယ်။ နောက်လေကောင်း လေသန့်ရဖို့ အမြဲတမ်းတံခါးဖွင့်ထားဖို့၊ ပြီးကျ တော့ တစ်ပါးနဲ့တစ်ပါး သတိထားပြီးတော့ ကျန်းမာရေး ဂရုစိုက်ပေးကြဖို့။ အဲဒါတွေပဲ ဒကာကြီး။ သေချာတော့ စီမံထားပါတယ်။

မေး - ဆွမ်း ကွမ်း ကိစ္စတွေရော ဘယ်လိုစီမံကြသလဲ ဘုရား။

ဖြေ- ဆွမ်းကွမ်းကိစ္စက ဦးဇင်းတို့ ဆွမ်းချက် အဖွဲ့။ ကျောင်းသားတွေနဲ့ ဆွမ်းချက်အဖွဲ့ တွေရှိတယ်ဗျ။ သူတို့ကပဲ စီမံကြတယ်။ စျေးကိုတော့ အရင်တုန်းက ငါးရက်တစ်ခါ ဝယ်တယ်။ အခုတော့ ဦးဇင်းတို့က ကျောင်းထဲက လူ ဘယ်သူမှ မထွက်တော့ဘဲနဲ့ အပြင်မှာရှိ တဲ့ ဒကာ၊ဒကာမတွေကပဲ ဝယ်လာပြီးတော့ ကျောင်းအပေါက်မှာပို့။ ကျောင်းထဲကနေပဲ သယ်။ အပြင်နဲ့ကျောင်းထဲ လုံးဝ အဆက်အသွယ်မရှိအောင် အကုန်ဖြတ်လိုက်ပြီ။ အပြင်ကိုလည်း မထိခိုက်အောင် ဦးဇင်းတို့ကျောင်းထဲလည်း ပိုဆိုးမလာအောင်။ အဲဒီတော့ ဘယ်သူမှလည်း ဝင်ခွင့်မပေးတော့ဘူး။ ဘယ်သူမှလည်း ထွက်ခွင့်မပေးတော့ဘူး။

မေး - ဆရာတော်ကြီးက သက်တော်လည်းကြီးပြီဆိုတော့ ကျန်းမာရေးအခြေအနေလေး မိန့်ကြားပါဦး ဘုရား။

ဖြေ- ဆရာတော်ကြီးရဲ့ ကျန်းမာရေးအ ခြေအနေ အားလုံးကောင်းပါတယ်။ ဆရာ တော်ကြီးကိုလည်း မနေ့က စစ်ဆေးတဲ့အထဲ မှာ ပါပါတယ်။ ဆရာတော်ကြီးလည်း Negative ပါ။ ဆရာတော်ကြီးဘေးနားမှာ ဝေယျဝစ္စလုပ်နေတဲ့ ကျောင်းသားတွေ၊ ဦးဇင်း တွေလည်း Negative ထွက်ပါတယ်။ အကုန် ကောင်းပါတယ် ဆရာတော်ကြီးရဲ့ ကျန်းမာ ရေးအခြေအနေ။

မေး - လက်ရှိပိုးစပြီး တွေ့တယ်လို့ ယူဆရတဲ့ စပြီး တော့ ဖျားတဲ့သံဃာတော်လေးက သက်တော်ဘယ် လောက်ရှိပြီလဲ ဘုရား။ ဘယ်သင်တန်းတက်နေတာလဲ ဘုရား။

ဖြေ- သက်တော် ၂၃ နှစ်ရှိပါပြီ။ သူက ရဟန်း ကျော်လို့ခေါ်တဲ့ သာမဏေကျော် စာမေးပွဲမှာ ရဟန်းကျော်အနေနဲ့ ပထမအဆင့် စာမေးပွဲ စလုပ်နေပါတယ်။ အဲဒီသံဃာတော်လေးရဲ့ အခြေအနေ အားလုံးကောင်းပါတယ်။ အခု ဦးဇင်းတို့ ဆက်သွယ်ပြီး မေးကြည့်ရသမျှက တော့ အကုန်လုံးက အခြေအနေကောင်းပါ တယ်။ အကုန်လုံးလည်း ဂရုစိုက်ကြပါတယ်။ အစားအသောက်ရော အနေအထိုင်ရော အ ကုန်လုံးကျန်းကျန်းမာမာ အဆင်တပြေရှိ တယ်လို့ ပြောပါတယ်။

မေး- ပိုးတွေ့တဲ့ သံဃာ ၇၅ ပါးမှာ သက်တော်တွေက ဘယ်လောက်ကနေ ဘယ်လောက် ပျမ်းမျှရှိသလဲဘုရား။ ပြီးတော့ကျောင်းက စာချ၊ နာယကတွေရောပါလား ဘုရား။

ဖြေ- ကျောင်းက နာယက၊ စာချကတော့ ဦးဇင်းတို့ကျောင်းမှာ အလေးထား အားကိုးရ တဲ့ နာယကစာချ နှစ်ပါးပါသွားပါတယ်။ ကျန် တဲ့စာသင်သားတွေကတော့ သက်တော် ၁၃ နှစ်ကနေစပြီးတော့ စာချဆရာတော်တွေ ရောဆိုရင် သက်တော် ၅၅ အတွင်းပေါ့။ ၁၃ နှစ်နဲ့ ၅၅ ကြားပေါ့။

မေး- တင်ပါဘုရား၊ လက်ရှိတပ်မတော်ကနေပြီးတော့ ကူညီစောင့်ရှောက်ပေးနေတဲ့ အခြေအနေနဲ့ ဆရာတော် တို့ လက်ရှိ ကျောင်းနဲ့ပတ်သက်ပြီး ကိုဗစ်ရောဂါနဲ့ ပတ် သက်ပြီး မိန့်ကြားချင်တာရှိလား ဘုရား။

ဖြေ- အခုလောလောဆယ် ဦးဇင်းတို့ကျောင်း ထဲမှာရှိတဲ့ သံဃာတော်တွေကိုလည်း ကျန်း မာရေး အသိပေးတွေ၊ ဟိုးအရင်ကလည်း ပြောခဲ့တယ်။ အခုလည်းပိုပြီး တင်းတင်းကျပ် ကျပ်လုပ်နေတယ်။ ပိုပြီးတော့သေချာစနစ်တကျလုပ်နေတယ်။ တပ်မတော်က လွှတ် ထားတဲ့ ဆရာဝန်ငါးယောက်လည်း ကျောင်း ထဲမှာခုရှိတယ်။ ဦးဇင်းတို့ ဆရာတော်ကြီးနဲ့ တကွ စာချနာယကဆရာ တော်တွေအားလုံး လည်းပဲ ဒီကိစ္စကို မိမိရော စာသင်သားတွေ ရော အန္တရာယ်ကင်းရှင်းဖို့အတွက် သေချာ ကျကျနန ဆောင်ရွက်နေပါတယ်။ တိုင်း ကျန်းမာရေးဌာနတို့၊ ခရိုင်တို့ သူတို့လည်းပဲ တပ်မတော်နဲ့ ပူးပေါင်းပြီးတော့ အကုန်လုံး အဆင်ပြေဖြစ်အောင် လုပ်ပေးနေကြပါ တယ်။ အဲ့တော့ အခုအခြေအနေမှာ ဦးဇင်းတို့ ဆရာတော်ကြီးလည်း အားလုံး ကျန်းမာရေး ကောင်းပါတယ်။ ကျောင်းထဲမှာ ကျန်ခဲ့တဲ့ သံဃာတော်တွေအားလုံးလည်း ကျန်းမာရေး ကောင်းပါတယ်။ ဆေးရုံမှာရောက်နေတဲ့ သံဃာတော်တွေအားလုံးလည်း ဘယ်သူမှ ထူးထူးခြားခြား ဘာမှဖြစ်တာမတွေ့ရပါဘူး။ ပုံမှန်ပါပဲ။ အကုန်လုံးက ဂရုတစိုက် စောင့် ရှောက်ပေးကြပါတယ်။ အစိုးရကျန်းမာရေး ဌာနနဲ့တကွ တပ်မတော်ဆေးကုသရေးစင် တာ တွေမှာ သေချာစနစ်တကျ စောင့်ရှောက် ပေးနေတာဖြစ်တဲ့အတွက် အကုန်လုံး ကျန်း မာရေးကောင်းပါတယ်။ ကျောင်းထဲမှာရော၊ ကုသရေးစင်တာမှာရောရောက်နေတဲ့ သံဃာ တော်တွေရော အကုန်လုံးနေကောင်း ကြပါ တယ်။ အဲ့တော့ ဦးဇင်းတို့ကျောင်းကို ကိုး ကွယ်ကြတဲ့ ကြည်ညိုကြတဲ့ ဒကာ၊ ဒကာမ တွေရှိတယ်။ စာသင်သားသံဃာတွေရဲ့ မိဘတွေရှိတယ်။ ဦးဇင်းက ဒီနေရာကပဲ ပြောချင်ပါတယ်။ အကုန်လုံးအရမ်းကြီး မစိုး ရိမ်ကြပါနဲ့။ ဦးဇင်းတို့တွေ လုံးဝမဖြစ်အောင် ကြိုတင်ပြီးတော့ ကာကွယ်ခဲ့ပါတယ်။ မဖြစ် ချင်ပဲနဲ့လည်း ဖြစ်ခဲ့ရပါပြီ။ အဲဒီတော့ ဦးဇင်း တို့တတွေ သေချကျကျနန ကျန်းမာရေးနဲ့ အညီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြား ချက်တွေနဲ့အညီ ဆရာဝန်တွေရဲ့ ညွှန်ကြား ချက်တွေနဲ့အညီ သေချာကျကျနန စောင့် ရှောက်နေပါတယ်။ အကုန်လုံးထိန်းထိန်း သိမ်းသိမ်းနေကြပါတယ်။ အားလုံးလည်း ကျန်းမာရေး ကောင်းနေကြပါတယ်။ အကုန် လုံးစိတ်မပူကြပါဖို့ ဦးဇင်းက ဒီနေရာကနေ ပြောချင်ပါတယ်။

မေး - ကိုဗစ်ကာလမှာ စာသင်တိုက်အများစုက သံဃာတော်တွေ အင်အားလျှော့ချလိုက်တဲ့အခြေအနေ ရှိတာပေါ့ဘုရား၊ ဆရာတော်တို့ကျောင်းမှာ သံဃာအင်အား ၅၀၀ ကျော်တောင်ရှိနေတာဆိုတော့လေ မပြန်ဖြစ်ကြတာ လားဘုရား၊ ဘယ်လိုတွေကြောင့် သံဃာများနေတာလဲဘုရား။      

ဖြေ - ပထမလှိုင်းမှာတုန်းက ဦးဇင်းတို့က ကျောင်းရှိသံဃာတွေကို အကုန်ပြန်လွှတ် လိုက်တယ်။ နယ်တွေကို ပြန်လွှတ်လိုက်တယ်။ ပထမလှိုင်းမှာ သိပ်မထိကြဘူး။ ကျောင်းရှိ သံဃာတွေကို နယ်တွေပြန်လွှတ်တဲ့အခါမှာ ဦးဇင်းတို့ ဘာအခက်အခဲကြုံရလဲဆိုတော့ သံဃာငယ်လေးတွေက စာသင်တိုက်နဲ့ ဝေး သွားတဲ့အခါမှာ စာစိတ် မရှိတော့ဘဲနဲ့ ရွာစိတ် ဖြစ်သွားတယ်။ ရှင်းရှင်းပြောရရင် တချို့ထွက် သွားတာလေးတွေ ရှိတယ်။ ဦးဇင်းတို့ စာသင် တိုက်က ဆရာတွေ၊ ဘုန်းကြီးတွေ နှမြောကြရ တဲ့ အခြေအနေရှိတယ်ပေါ့။ အဲဒီလိုအခြေ အနေမျိုးမှာ ဦးဇင်းတို့တွေ ပထမလှိုင်းနည်း နည်းငြိမ်သွားပြီဆိုတော့ အစိုးရက ကျင်းပတဲ့ ဘုန်းကြီးစာမေးပွဲတွေ ကျင်းပခါနီး ရက် ၂၀ အလိုမှာ ဦးဇင်းတို့ကျောင်းကို သံဃာတွေ အကုန်ပြန်လာဖို့ ခေါ်လိုက်တယ်။ အဲဒီက စပြီးတော့ ဦးဇင်းတို့ဆွမ်းခံလည်း ထွက်စရာ မလိုဘူး။ ကျောင်းကပဲ အမြဲတမ်းကျွေးခဲ့ တယ်။ အပြင်လည်း လုံးဝ ထွက်ခွင့်မပေးဘူး။ ဒါနဲ့စာမေးပွဲတွေ ဖြေလိုက်တယ်ပေါ့။ စာမေး ပွဲတွေဖြေတဲ့အခါမှာ ဦးဇင်းတို့ ၀ါတွင်းရောက် သွားပြီ။ ၀ါဆိုသွားပြီပေါ့နော်။ ၀ါဆိုပြီးတဲ့အခါ ကျမှ ဦးဇင်းတို့ ဒီဝါတွင်းတစ်တွင်းကတော့ ဘယ်လိုနေနေ မဖြစ်မနေ ထားရမယ်ဆိုတဲ့ စိတ်နဲ့ ဦးဇင်းတို့ စာသင်သားသံဃာတွေကို ကျောင်းမှာပဲထားတယ်။ လုံးဝပြန်မလွှတ်ဘူး။ ကျောင်းထဲမှာ ထားတဲ့အခါမှာလည်း ဦးဇင်း တို့တွေ ဆရာတော်ကြီးနဲ့ အစီအမံနဲ့ အကုန် လုံး စနစ်တကျဖြစ်အောင် အန္တရာယ်ကင်း ရှင်းအောင်တော့ ဦးဇင်းတို့တွေ တတ်နိုင်တဲ့ ဘက်က ကြိုးစားခဲ့ကြတာပဲ။ ဒါပေမဲ့ စာမေး ပွဲဖြေပြီးတဲ့အချိန်ကစပြီးတော့ ဦးဇင်းတို့ ကျောင်းတွေမှာ သံဃာတွေ ရှိလာတယ်။ ပြန် လွှတ်ဖို့ဆိုလည်း ၀ါတွင်းဖြစ်တဲ့အတွက် ဦး ဇင်းတို့က ပြန်မလွှတ်တော့ဘူးဆိုတဲ့ ဆုံးဖြတ် ချက်နဲ့ ကျောင်းမှာပဲထားလိုက်တယ်။ အန္တ ရာယ်ကင်းအောင်တော့ ထားမယ်ဆိုတဲ့ ရည် ရွယ်ချက်နဲ့ ထားကြတာ။

မေး - စပြီးတော့ ဖျားတဲ့ ကိုယ်တော်လေးရဲ့ အခြေ အနေလေးလည်း မိန့်ပါဦးဘုရား၊ သူက အပြင်တွေထွက် လို့လား၊ ဒါမှမဟုတ် ဘယ်မှ မသွားဘဲနဲ့ကို ဘယ်လိုစပြီး ဖြစ်သွားတဲ့ အနေအထားမျိုးလဲဆိုတာ မိန့်ပါဦးဘုရား။       

ဖြေ - အပြင်ကတော့ သူမထွက်ဘူး။ သူက ဦးဇင်းတို့ သာမဏေကျော် စာမေးပွဲလုပ်နေ တာ ဖြစ်တဲ့အတွက် ဦးဇင်းတို့ရဲ့လက်အောက် မှာ အမြဲတမ်းရှိတယ်။ အမြဲတမ်း ဘုရားရှိခိုးချိန် ပုံမှန်တယ်။ စာအံ စာတတ်တဲ့ အချိန်တွေ ပုံမှန်တယ်။ လေ့ကျင့်ခန်းအပတ်စဉ်တွေမှာ အမှတ်ကောင်းတယ်။ ဒါကိုကြည့်ခြင်းအား ဖြင့် ့သူစာတကယ်လုပ်နေတဲ့ စာသင်သား တစ်ပါးဖြစ်တယ်။ အဲဒီတော့အပြင်ခိုးထွက်တာ ဘာညာကတော့ လုံးဝမရှိဘူး။ ဦးဇင်းတို့ စာသင်တိုက်ထဲမှာလည်းပဲ အဲဒီ အပြင်ခိုးထွက်တာ သိတယ်ဆိုရင် တစ်ခါတည်း အပြီး ပြန်လွှတ်တဲ့စည်းကမ်းလည်း ရှိတယ်။ သူတို့ မလုပ်ပါဘူး။

မေး - တင်ပါဘုရား။ အဲဒါဆို ကျောင်းထဲမှာပဲ စည်းကမ်း တကျနေပြီးတော့ ရောဂါပိုးက ဖြစ်လာတဲ့သဘော ဖြစ် သွားတာပေါ့နော်ဘုရား။ ဆရာတော်တို့လည်း အဖြေရှာ လို့မရတဲ့ အနေအထားပေါ့နော် ဘုရား။     

ဖြေ - ဦးဇင်းတို့လည်းပဲ အဖြေရှာလို့ မရဘူး။ ဘာကို အပြစ်တင်ရမှန်းလည်း မသိဘူး။ ဘယ် ကနေ ဘယ်လိုလာတယ်မှန်းလဲ ဦးဇင်းတို့ ခန့်မှန်းတို့ကို မရဘူး။ ဦးဇင်းတို့တွေ ဒီ လောက် တင်းတင်းကျပ်ကျပ် လုပ်နေတဲ့ကြား ကကိုမှ ဒီလိုဖြစ်လာတယ်ဆိုတော့ တစ်ဖက် ကကြည့်ရင်တော့ အားမနာတမ်း ဝေဖန်ရရင် တော့ ဦးဇင်းတို့ ယိုပေါက်ရှိတယ်လို့ပဲ တွေးရ မှာပေါ့။ ဘယ်ကယိုပေါက်လဲဆိုတော့လည်း ဦးဇင်းတို့ ခန့်မှန်းလို့ မရတာ။ တော်တော် များများ တင်းတင်းကျပ်ကျပ်ကြီးကတော့ လုပ်တော့ လုပ်နေတာပဲ ဒကာကြီးရဲ့။

မေး- အခု သံဃာငယ်လေးတွေက ခု Positive တွေ့တယ်ဆိုတဲ့ အနေအထားမှာ သူတို့ ကြောက်နေကြ တာရောရှိလား ဘုရား။    

ဖြေ - မရှိပါဘူး။ ဦးဇင်းတို့အဆောင်တိုင်းမှာ စာချဘုန်းကြီးတွေရှိတယ်။ သူတို့တွေက သူ တို့အဆောင်ကို တာဝန်ယူပြီးတော့ သြဝါဒ ပေးတယ်။ စိတ်ငြိမ်ဖို့ အလုပ်ခိုင်းတယ်။ စာ အုပ်ဖတ်ခိုင်းတယ်။ အိပ်ရေးဝ၀ အိပ်ခိုင်း တယ်။ ကျန်းမာရေး စောင့်ရှောက်ပေးတယ်။ အဲ့လို အကုန်လုံးကြောက်လန့်နေကြတာ တော့ မရှိကြပါဘူး။

-အင်းစိန်ရွာမပရိယတ္တိကျောင်းတိုက်မှ သံဃာတော်များကို COVID-19 ရောဂါပိုး စစ်ဆေးပြီးနောက် ၂၇၉ ပါးတွင် ပိုးတွေ့ရှိ ကြောင်း စက်တင်ဘာ ၂၅ ရက်တွင် သိရှိပြီး နောက် ထပ်မံဆက်သွယ်မေးမြန်းချက်မှ မေး ခွန်းတစ်ချို့-

မေး- ကျောင်းထဲက တချို့ကိုရင်လေးတွေ ပြန်ဖို့ပြင် ဆင်နေကြပြီလား ဘုရား။

ဖြေ- အခုချိန်ဘယ်သူမှ ပြန်လွှတ်လို့ မရဘူး လေဗျ ဒကာကြီးရဲ့။ အခုချိန်ပြန်လွှတ်ရင် အပြင်မှာလည်း အန္တရာယ်ဖြစ်မှာပေါ့။ အဲဒီ တော့ ဦးဇင်းတို့က လုံးဝပြန်မလွှတ်ပါဘူးဗျ။ ကျောင်းထဲမှာပဲ ကျန်တဲ့ကိုယ်တော်တွေ အန္တရာယ်ကင်းအောင် စီမံနေပါတယ်။

မေး။ မှန်ပါ့ဘုရား အခု ပိုးတွေ့အပါး ၃၀၀ ကျော်ရဲ့ အခြေအနေလေးလည်း မိန့်ပါဦးဘုရား။ ဘယ်နေရာမှာ ဘယ်လိုကုသနေလဲဆိုတာပါ ဘုရား။

ဖြေ။ အပါး ၃၀၀ ကျော်ထဲမှာ ပထမရက်တွေက ဖြစ်တဲ့ ၇၅ ပါးရယ်၊ ဒီနေ့ဖြစ်တဲ့ထဲက ၉၁ ပါး ရယ်က မှော်ဘီ တစကမှာ တပ်မတော်ကုသ ရေးစင်တာမှာ ကုသပေးနေပါတယ်။ ကျန်တဲ့ ၁၈၈ ပါးက အင်းစိန်မြို့နယ် ကျောက်တော် ကြီးဘုရားနားလေးက သာသနာ့ဗိမာန်မှာ ကုသပေးနေပါတယ် ဒကာကြီး။ လောလော ဆယ်တော့ အကုန်လုံး ကျန်းမာရေးကောင်း ကြပါတယ်။ တစ်ဦးတစ်ယောက်မှ ဖျားတာ နာတာကို မဖြစ်သေးပါဘူး ဒကာကြီး။

မေး - ဖျားတာနာတာမရှိဘဲ Swab ယူလိုက်တဲ့ အချိန်မှာ ပိုးတွေ့တယ်ဆိုတဲ့ သဘောလားဘုရား။

ဖြေ - ဟုတ်တယ်ဗျ။ အခုဒီနေ့တွေ့တဲ့ ၂၇၉ ပါးဆိုရင် ဖျားတာနာတာ တစ်ပါးမှကို မရှိဘူး။ သူတို့တွေ အခုဆိုရင် ဖျားတာနာတာလည်း တစ်ပါးမှမရှိဘူး။ သူတို့တွေကိုလည်း အရင် တွေ့သွားတဲ့သံဃာတွေနဲ့ ဆက်စပ်တယ်ဆို လို့သာ သူတို့က သူတို့ကိုယ်သူတို့လက်ခံပြီး လိုက်သွားတာ။ သူတို့ရဲ့ကျန်းမာရေးအခြေ အနေ ပျက်ယွင်းတာတစ်ခုမရှိဘူး ဒကာကြီး။ နှာစေးတာ ချောင်းဆိုးတာကအစ ဘာမှ မဖြစ်ကြဘူး။

မေး- ကျောင်းတွင်းအခြေအနေလေး မိန့်ပါဦးဘုရား။

ဖြေ - ကျောင်းတွင်းအခြေအနေက ကျန်တဲ့ သံဃာတော်တွေကို အန်နာဗွန်စီနဲ့ စီဗစ် တိုက်ဖို့ စီစဉ်နေတယ် ဒကာကြီး။ ဒီနေ့ လှူတဲ့ ဒကာတွေရှိတယ် ဒကာကြီး။ ဗီတာမင်စီပေါ့။ အဲ့ဒါတစ်ချက်ရှိတယ်ဗျ။ ပြီးတော့ အစား သောက်တွေမှာ ဒီမှာရှိတဲ့ သံဃာတော်တွေကို ကြက်ဥပြုတ်နှစ်လုံးစီ နေ့လယ်ပုံမှန်ကပ်ဖို့ ရယ်။ ကုသရေးစင်တာမှာရောက်နေတဲ့ သံ ဃာတော်တွေကို ကြက်ဥပြုတ်တွေ ပို့ဖို့ရယ် ဦးဇင်းတို့ကျောင်းတိုက်က စီစဉ်နေရတယ်။ ပြီးကျတော့ ကျောင်းထဲက အဆောင်တိုင်း အဆောင်တိုင်းကို ပိုးသတ်ဆေးတွေ လိုက် ဖျန်းတယ်။ အဲဒီသံဃာတော်တွေ သုံးဆောင် သွားတဲ့ အသုံးအဆောင်တွေကို ဖြစ်နိုင်သမျှ ဖယ်ရှားတယ်ပေါ့ ဒကာကြီး။ နောက်ကျမှ ဦးဇင်းတို့ အသစ်ပြန်လှူမယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ သူတို့ရဲ့ အသုံးအဆောင်မှန်သမျှ အိပ်ရာ၊ ခြင်ထောင်၊ ခေါင်းအုံး၊ အောက်က ခင်းတဲ့အခင်းကစပြီးတော့ အဲဒါတွေဦးဇင်းတို့ရှင်းဖို့လုပ်နေတယ်ဗျ။ တချို့တစ်ဝက် လည်း ရှင်းနေတယ်။ ပိုးတွေ့လူနာတွေရဲ့ အသုံးအဆောင်တွေကို ဦးဇင်းတို့ တစ်နေ ရာမှ စုပုံထားပြီးတော့ မီးရှို့ဖို့လုပ်နေတယ်။

မေး - တင်ပါ့ဘုရား အခုလိုတပည့် သံဃာတွေအများ ကြီး ပိုးတွေ့အပေါ်မှာ ဆရာတော်ဘုရားကြီး မိန့်ကြား တာ ဘာရှိလဲ ဘုရား။

ဖြေ- ဆရာတော်ဘုရားကြီးကတော့ စိတ် အေးအေးနဲ့ အန္တရာယ်ကင်းနိုင်သမျှ ကင်း အောင်ဆောင်ရွက်ဖို့။ သူတို့ရဲ့ တပည့်၊ ဒကာ။ ဒကာမတွေရော။ ဆရာတော်ရဲ့ တပည့်ကြီး တွေဖြစ်တဲ့ မဇ္ဇိုမဂုဏ်ရည်ဆရာတော်တို့၊ အောင်ဆန်းဆရာတော်ကြီးတွေက စပြီး တော့ အကုန်လုံးမိန့်ကြားထားတယ်။ ဆရာ တော့်ရဲ့ ဒကာ၊ ဒကာမ အသိုင်းအဝိုင်းကို လည်း လုပ်ပေးသင့်တာတွေ လုပ်ပေးဖို့ ညွှန် ကြားထားတယ်။

Most Read

Most Recent