ပရီးမီးယားလိဂ်အပါအဝင် လိဂ်အချို့တွင်ကစားသမား (၃)ဦးသာ လဲလှယ်ခွင့် ပြုသော်လည်း UEFA က ဥရောပပွဲစဉ်များတွင် (၅)ဦးအထိလဲခွင့်ပေးခဲ့

ပရီးမီးယားလိဂ်အပါအဝင် လိဂ်အချို့တွင်ကစားသမား (၃)ဦးသာ လဲလှယ်ခွင့် ပြုသော်လည်း UEFA က ဥရောပပွဲစဉ်များတွင် (၅)ဦးအထိလဲခွင့်ပေးခဲ့
Photos: Reuters & Getty Images
Photos: Reuters & Getty Images
Published 25 September 2020

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် လာမည့်ရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲစဉ်များတွင် ကစားသမား (၅)ဦးအထိ လူစားလဲခွင့်ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်။ 



UEFA ၏ အမှုဆောင်ကော်မတီသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တို့အတွက် ရှေ့ဆက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ရာတွင် ကစားသမား (၅)ဦး လဲလှယ်ခွင့်ပြုမည့်ကိစ္စကိုလည်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ 

ပရီးမီးယားလိဂ်အပါအဝင် တခြားလိဂ်ပြိုင်ပွဲအချို့သည် ယခုရာသီတွင် ကစားသမား (၃)ဦးသာလဲခွင့်ပြုခဲ့သော်လည်း UEFA ကမူ ပွဲစဉ်ဇယားအခြေအနေကြောင့် ပွဲဆက်များနေခြင်းကို ထောက်ရှုကာ ကစားသမား (၅)ဦးအထိ လဲလှယ် အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်သည်။ 

လူစားလဲစည်းမျဉ်းကို ယာယီပြောင်းလဲထားရန်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က တောင်းဆိုခဲ့သော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲကမူ ကလပ်အသင်းများ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ကစားသမား (၃) ဦးလဲလှယ်သည့် မူလစနစ်ကိုသာ ပြန်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းကဲ့သို့ ကစားသမား (၃)ဦးသာ လဲလှယ်ခွင့်ရတော့ ခြင်းအပေါ် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဝေဖန်ခဲ့သည်။ 

ဂွါဒီယိုလာက "COVID-19 ကြောင့်အားလုံး စိုးရိမ်နေတဲ့အချိန်မှာ လူစားလဲခွင့် (၅)ဦးပေးမယ့် ဥပဒေကို ဆန့်ကျင်ခဲ့ကြတဲ့အသင်းတွေကို ကျွန်တော် နားမလည်နိုင်ဘူး။ ပြိုင်ပွဲ ပြီးဆုံးချိန်နောက်ကျခဲ့ပြီး၊ ဒီရာသီပြန်စချိန် မြန်ဆန်လွန်းခဲ့တဲ့အချိန်မှာ ကစားသမား (၅)ဦးလောက် လဲလှယ်မသုံးရဘဲ ကစားသမားတွေရဲ့ကြံ့ခိုင်မှုကို ကျွန်တော်တို့ ဘယ်လိုကာ ကွယ်ရမလဲ"ဟု မေးခွန်းထုတ်ခဲ့သည်။

    

UEFA ဥက္ကဋ္ဌ ဆီဖာရင်ကလည်း ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲစဉ်များတွင်သာမကဘဲ လာမည့်နှစ်တွင် ကျင်းပမည့် ယူရိုပြိုင်ပွဲနှင့် UEFA Nations League ပွဲစဉ်များတွင်လည်း ကစားသမား (၅)ဦးလဲလှယ်ခွင့်ပေးသွားမည်ဖြစ်ပြီး Fifpro အဖွဲ့အစည်းကလည်း ယင်းဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent