မာဆေးလ်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ပြုလုပ်ခဲ့သည့် အပြုအမူကြောင့် PSG တောင်ပံကစားသမား ဒီမာရီယာ (၄)ပွဲပယ်ပြစ်ဒဏ်ကျခံရ

မာဆေးလ်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ပြုလုပ်ခဲ့သည့် အပြုအမူကြောင့် PSG တောင်ပံကစားသမား ဒီမာရီယာ (၄)ပွဲပယ်ပြစ်ဒဏ်ကျခံရ
Photo: AFP
Photo: AFP
Published 24 September 2020

PSG အသင်း၏ အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာသည် မာဆေးလ်အသင်းနှင့် ကစားခဲ့သည့် လီဂူး -၁ ပွဲစဉ်တွင် ပြုလုပ်ခဲ့သည့် အပြုအမူကြောင့် (၄)ပွဲပယ် ပြစ်ဒဏ်ကျခံခဲ့ရကြောင်း သိရှိရသည်။

အသက် (၃၂)နှစ်အရွယ်ရှိ ဒီမာရီယာသည် ယင်းပွဲတွင် ဖြစ်ပွားခဲ့သည့် ရန်ပွဲတွင် ပါဝင်ခဲ့ပြီး မာဆေးလ်ကစားသမားဖြစ်သူ အယ်လ်ဗာရိုဂွန်ဇာလက်ဇ်အား တံထွေးဖြင့် ထွေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

ယင်းပွဲတွင် ပွဲချိန်နောက် ဆုံးမိနစ်မတိုင်ခင် နေမာနှင့် အယ်လ်ဗာရိုဂွန်ဇာလက်ဇ်တို့သည် အချင်းများခဲ့ပြီးနောက် သိပ်မကြာမီ မာဆေးလ်ကစားသမားဘင်နီဒတ်တိုက PSG ကွင်းလယ်လူ ပါရီဒက်စ်ကို ပြစ်ဒဏ်ကျူးလွန်ရာမှ ရန်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

ကစားသမားများ စုမိချိန်တွင်နေမာသည် အယ်လ်ဗာရို၏ ခေါင်းကို လက်ဖြင့်ရိုက်ခဲ့ပြီး အယ်လ်ဗာရိုကလဲကျသွားခဲ့သည်။ နေမာ၏လုပ်ရပ်ကို မြင်တွေ့ခဲ့သည့် မာဆေးလ်ကစားသမားများ ဝိုင်းအုံလာချိန်တွင် PSG ကစားသမား ကာဇာဝါနှင့် မာဆေးလ်ကစားသမားအမာဗီတို့သည် ထိုးကြိတ်ခဲ့ကြပြီး နှစ်ဦးစလုံး အနီကတ်အပြခံခဲ့ရသည်။

ယင်းနောက်  ပြစ်ဒဏ်ကျူးလွန်မှုကို စတင်ခဲ့သည့် ဘင်နီဒတ်တိုက ဒုတိယအဝါဖြင့် အထုတ်ခံရသလို၊ ရန်ပွဲတွင် ပါဝင်ခဲ့သည့် ပါရီဒက်စ်မှာလည်း ဒုတိယအဝါဖြင့် အထုတ်ခံခဲ့ရသည်။

နေမာ၏ လုပ်ရပ်ကို ကွင်းလယ်ဒိုင်က မမြင်တွေ့ခဲ့သော်လည်း VAR က အချက်ပေးခဲ့သဖြင့် စစ်ဆေးခဲ့ပြီးနောက် ကွင်းလယ်ဒိုင်က နေမာကိုပါ အနီကတ်ပြခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်များအတွင်းတွင် ဒီမာရီယာသည် ပြစ်ဒဏ်ကျခံရခြင်းမရှိခဲ့ချေ။

သို့ရာတွင် ပွဲအပြီး၌ အယ်လ်ဗာရိုက မိမိအား ဒီမာရီယာက တံထွေးဖြင့် ထွေးခဲ့သည်ဟု စွပ်စွဲခဲ့သလို ယင်းလုပ်ရပ် ဟုတ်မှန်ကြောင်း သက်သေပြနိုင်သည့် Video clip များလည်း ထွက်ပေါ်ခဲ့သည်။

ယင်းအတွက်ကြောင့် လိဂ်ပြိုင်ပွဲ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒီမာရီယာအား ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး တံထွေးထွေးခဲ့ခြင်းကြောင့် ပွဲပယ်ခဲ့ခြင်းဖြစ်သည်ဟု မရည်ညွန်းဘဲ အပြုအမူဆိုးတစ်ခုကို ပြုလုပ်ခဲ့ခြင်းကြောင်း ပွဲပယ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

(၄)ပွဲပယ်ပြစ်ဒဏ် စတင်သည့်နေ့ကို အင်္ဂါနေ့ဟု သတ်မှတ်ခဲ့ပြီး ယင်းအတွက်ကြောင့်  ဒီမာရီယာသည် ယခုတစ်ပတ်ကစားမည့် Reims အသင်းနှင့် ပွဲစဉ်ကိုမူ ဆက်လက်ကစားနိုင်မည်ဖြစ်သည်။

သို့ရာတွင် ယင်းပွဲအပြီးတွင် ဆက်ကစားရမည့် ပွဲစဉ်များဖြစ်သည့် အန်ဂါစ်၊ နီးစ်၊ ဒီယွန်း၊ နန့်စ်တို့နှင့် ပွဲများကို လွဲချော်မည်ဖြစ်ပြီး နိုဝင်ဘာလ (၈)ရက်နေ့တွင် ကစားမည့် ရန်းစ်အသင်းနှင့် ပွဲစဉ်တွင် ပြန်လည်ကစားနိုင်မည်ဖြစ်သည်။

Most Read

Most Recent