၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်မဲဆန္ဒနယ်အများစုအနိုင်ရခဲ့သော်လည်း ၂၀၀၈ အခြေခံဥပဒေကြောင့် ပြည်နယ်အစိုးရ မဖွဲ့စည်းနိုင်ခဲ့သည့်အချက်အပါအဝင် ရခိုင်အမျိုးသားပါတီ၏ မဲဆွယ်မိန့်ခွန်းပါအကြောင်းအရာအချို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ခဲ့ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။
နိုင်ငံပိုင်ရုပ်သံတွင် စက်တင်ဘာ ၂၂ ရက်က ရိုက်ကူးခဲ့သည့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ၏ ဟောပြောမှုအစီအစဉ်တွင် ရခိုင်အမျိုးသားပါတီ (ANP) ၏ မူဝါဒနှင့်လုပ်ငန်းစဉ်တို့ကို ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ ဖတ်ကြားတင်ပြခဲ့သည်။
ထိုသို့ ဖတ်ကြားတင်ပြရာတွင် ကော်မရှင် ဖြတ်တောက်ခဲ့သည့်အချက်များ ချန်လှပ်ကာ ကျန်ပါတီမိန့်ခွန်းပါ အကြောင်းအရာများသာ ပြောကြားခဲ့ရကြောင်း ၎င်းက ပြောကြားသည်။
“၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီက ရခိုင်ပြည်နယ်မှာ အများစု အနိုင်ရပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခက်အခဲကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရ ဖွဲ့ခွင့်မရခဲ့ဘူးဆိုတဲ့ အကြောင်းအရာပါတာကို ဖြတ်တောက်တယ်” ဟု ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။
ထို့ပြင် မိန့်ခွန်းတွင်ပါရှိသည့် ရခိုင်လူမျိုးများအနေဖြင့် ခေတ်အဆက်ဆက်တွင် အမျိုးသားအကျိုးစီးပွား ရပိုင်ခွင့်များကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့ကြောင်း၊ ပြည်နယ်အတွင်း စစ်ဘေးရှောင်အများစု ရှိနေခြင်းကြောင့် နာကြည်းမှု၊ ခံပြင်းမှုတို့ဖြင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိနိုင်ကြောင်း စသည့်အချက်များလည်း ဖြတ်တောက်ခံရသည်ဟု ၎င်းက ဆိုသည်။
ထို့အတူ ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခကို ပြည်တွင်းစစ်ဟု သုံးစွဲခြင်းကို ကော်မရှင်က ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟု ပြင်ဆင်ခြင်းများလည်းရှိကြောင်း ၎င်းက ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယင်းသို့ပါတီမိန့်ခွန်းပါအချက်အချို့ ဖြတ်တောက်ခြင်းကို ကြိုတင်အသိပေးခြင်းမရှိဘဲ ရုပ်သံရိုက်ကူးရေးပြုလုပ်မည့်အချိန်မှ ကော်မရှင်တာဝန်ရှိသူတစ်ဦးက မိန့်ခွန်းပါအကြောင်းအရာအချို့ ဖြတ်တောက်ထားခြင်းကို အသိပေးခဲ့ကြောင်း ဦးသာထွန်းလှက ပြောကြားသည်။
“နိုင်ငံရေးအရ ပြောဆိုမယ့်စကားတွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်တွေ ဆုံးရှုံးတယ်လို့ အဲဒီလိုယူဆလို့ရနိုင်တယ်။ ပြီးရင် ရွေးကောက်ပွဲကော်မရှင်က ဘာပဲပြောပြော ပြည်သူ့အစိုးရလက်ထက်မှာ ပိုပြီးတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပိုပြီးတင်းကျပ်မှုတွေ လုပ်လာတယ်လို့ ခံစားမိတယ်” ဟု ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။
ယင်းသို့ ပါတီမိန့်ခွန်းပါ အဓိကအကြောင်းအရာအချို့ ဖြတ်တောက်ခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်း Stay at Home ကြေညာမှုကြောင့် မဲဆွယ်စည်းရုံးလုပ်ဆောင်ရန် အခက်အခဲများစွာရှိခြင်းနှင့် မြို့နယ်အချို့ အင်တာနက်ဖြတ်တောက်ခံရသည့် အခြေအနေတို့ကြောင့် ပြည်သူကို ပါတီအနေဖြင့် ပြောကြားလိုသည့် အချက်များအား အသိပေးနိုင်ရန် နိုင်ငံပိုင်ရုပ်သံတွင် ထုတ်လွှင့်မည့် အစီအစဉ်၌ ပါဝင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ရခိုင်အမျိုးသားပါတီ၏ ပြည်သူတို့ စည်းရုံးဟောပြောမှုရုပ်သံကို နိုင်ငံပိုင်ရုပ်သံ (MRTV) နှင့် ရေဒီယိုတို့တွင် စက်တင်ဘာ ၂၄ ရက်က ထုတ်လွှင့်ခဲ့ပြီး နိုင်ငံပိုင်သတင်းစာနှင့် မီဒီယာများတွင် စက်တင်ဘာ ၂၅ ရက်၌ ဖော်ပြမည်ဟု သိရသည်။
ထို့ပြင် တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ထားဝယ်တိုင်းရင်းသားများပါတီ၏ ပြည်သူထံပြောကြားမည့် မဲဆွယ်မိန့်ခွန်းပါ အချက်အချို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ခဲ့ကြောင်း ပါတီတွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ဦးသူရလှိုင်က ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် အခြားတိုင်းဒေသကြီးများကဲ့သို့ လျှပ်စစ်မီး ယူနစ်နှုန်းထားမညီမျှမှု အခြေအနေများကို မေးခွန်းထုတ်မှုနှင့် ထားဝယ်လူမျိုးများကို မှတ်ပုံတင်တွင် လူမျိုးမှန် သတ်မှတ်ဖော်ပြခံရရေးစသည့် အချက်များအပါအဝင် အပိုဒ်ရှစ်ပိုဒ်ကို ကော်မရှင်က ဖြတ်တောက်ခဲ့ကြောင်း ၎င်း၏ပြောကြားမှုအရ သိရသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပြည်သူကို ဟောပြောတင်ပြမည့် မိန့်ခွန်းပါ အကြောင်းအရာအချို့လည်း ကော်မရှင်၏ ဖြတ်တောက်မှုခံရပြီး ယင်းသို့ဖြတ်တောက်မှုကို လက်မခံသောကြောင့် ပါတီအနေဖြင့် နိုင်ငံပိုင်ရုပ်သံတွင်ဟောပြောသည့် အစီအစဉ်တွင် မပါဝင်ခဲ့သည့်ဖြစ်စဉ်များလည်း ရှိနေသည်။
၂၀၂၀ အထွေထွေရွေးကာက်ပွဲအတွက် နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ပြည်သူကိုဟော ပြောတင်ပြမည့် နိုင်ငံရေးပါတီအသီးသီး၏ ပါတီမူဝါ၊ မိန့်ခွန်းပါ အကြောင်းအရာများကို လိုအပ်ပါက ပြင်ဆင်ရေးသား၍ ခွင့်ပြုမိန့် ထုတ်ပြန်ခြင်းကို ဆောင်ရွက်မည်ဖြစ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။
ထိုသို့ဟောပြောရာတွင် အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမှုမရှိသည့် ဟောပြောမှုများ၊ နိုင်ငံတော်ဂုဏ်သိက္ခာနှင့် တပ်မတော်ဂုဏ်သိက္ခာ ထိပါးစေသည့် ဟောပြောမှုများ၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်စေမည့် ဟောပြောမှုများအပါအဝင် အချက်ကိုးချက်ပါအချက်များကို လိုက်နာဆောင်ရွက်ဟောပြောရမည်ဟု ကော်မရှင်ကထုတ်ပြန်ထားသည်။















