ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်များကို Ration စနစ်ဖြင့် အခြေခံစားကုန်များ ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိနိုင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ညွှန်ကြားထားကြောင်း သိရသည်။
“အစည်းအဝေးမှာတော့ ပြောလိုက်တယ်။ ဒါပေမဲ့ စီမံချက်ဆွဲပြီးတော့ ဝန်ကြီးကတော့ ပြောလိုက်ပါတယ်။ မနေ့က အစည်းအဝေးမှာပါ။ စီမံချက်ဆွဲပြီးတော့ အိမ်ထောင်စုအလိုက် ဖြန့်ဝေနိုင်မယ့် အစီအမံလေးတွေ တင်ပြကြဖို့ ညွှန်ကြားချက်တော့ပါတယ်။ သိပ်မကြာပါဘူး။ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ အစီအမံသွားမှာပါ။ အခြေခံစားကုန်ပေါ့။ ဘာတွေလဲတော့ အတိအကျမသိသေးဘူး။ အဓိက စားကုန်လို့ပြောပါတယ်။ ကျွန်တော်တို့ အစည်းအဝေးမှာလည်း ပြောပါတယ်။ ဒီနေ့လည်း ခရိုင်ကနေတစ်ဆင့် ရာရှင်ခေါ်တာပေါ့နော်။ စီမံချက်တွေ Upgrade ဖြစ်အောင် တင်ပြပါ။ အစီအမံတွေ အားလုံးပြီးပြီဆိုရင် ဘယ်လိုစီမံဆောင်ရွက်သွားမယ်ဆိုတဲ့ အစီအစဉ်တွေပြီးပြီဆိုရင် ပံ့ပိုးမှုတွေကလာမှာပါ” ဟု ဗိုလ်တထောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ပြောကြားသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားစာထဲတွင် ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသည့် COVID-19 ရောဂါ ဆင့်ပွားကူးစက်ခံရသူ များပြားလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်အနက် ကိုကိုးကျွန်းမြို့နယ်မှလွဲ၍ ကျန်မြို့နယ်များကို Stay at Home အစီအစဉ်တွင် ပါဝင်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၀ ရက်တွင် ကြေညာပြီးဖြစ်သော်လည်း ကူးစက်မှုနှုန်းကို ထိန်းချုပ်ရန် ကန့်သတ်ချက်ရှိလာ၍ ပြည်သူများအား မိမိနေအိမ်တွင်သာ နေထိုင်စေမည့်အမိန့် ထပ်မံထုတ်ပြန်ရမည်ဆိုပါက ရန်ကုန်မြို့နေ ပြည်သူခုနစ်သန်းခန့် နေ့စဉ်စားသောက်ရေးအတွက် Ration စနစ်ဖြင့် အခြေခံစားကုန်များကို အိမ်ထောင်စုအလိုက် ဖြန့်ဖြူးပေးရေး စီမံဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း ပါရှိသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်တွင် နေထိုင်သည့် အိမ်ထောင်စု တစ်စုချင်းစီအလိုက် ထောက်ပံ့ပေးရန် လိုအပ်မည့် အဓိကရိက္ခာ အမယ်အရေအတွက် ဖြန့်ဖြူးပေးရန်အတွက် စုပုံ၊ ထုတ်ပိုးရန်၊ အိမ်ထောင်စုအားလုံးသို့ ဖြန့်ဝေပေးရန် ကြာမြင့်မည့်အချိန်နှင့် ဖြန့်ဖြူးရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ဆောင်ရွက်မည့် အစီအမံတို့ကို ကြိုတင်တွက်ချက်ပြင်ဆင်ထားရှိရန် လမ်းညွန်မှုအရ အကြောင်းကြားအပ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွန်ကြားစာတွင် ပါရှိသည်။
“ရန်ကုန်တိုင်းအစိုးရနေပြီးတော့ ပြည်သူတိုင်းကို ပံ့ပိုးပေးဖို့ စီစဉ်ထားတယ်။ ရပ်ကွက်ကနေပြီးတော့ လူဦးရေစာရင်းကို တင်သွင်းရမှာ။ ပြီးတော့ လူဦးရေစာရင်းကို ကောက်ဦးမှာပါ။ COVID ကာလ အလှည့်ကျပေးမယ်လို့ သိရတယ်။ ဘယ်မြို့နယ်မှာ လူဦးရေဘယ်လောက်ရှိတယ်ဆိုတာကို တောင်းနေတာ။ မြို့နယ်ထဲမှာရှိတဲ့သူတွေကို စာရင်းကောက်ရဦးမယ်။ အဲဒီစာရင်းကို ပြန်တင်ပြရမယ်” ဟု တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။















