မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းအထိ COVID-19 ဓာတ်ခွဲစစ်ဆေးပြီးသူ ၂၂၀၀၀၀ ကျော်ရှိပြီး လူတစ်သန်းလျှင် ၄၁၅၅ ဦးနှုန်း စစ်ဆေးပြီးဖြစ်ရာ ယခုနောက်ပိုင်း၌ စောင့်ကြည့်လူနာ (PUI) များတွင် ပိုးတွေ့ရှိနှုန်း မြင့်တက်လာကြောင်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ပါမောက္ခ ဒေါက်တာဋ္ဌေးဋ္ဌေးတင်၏ ပြောကြားချက်အရ သိရသည်။
စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းအထိ ဓာတ်ခွဲစစ်ဆေးပြီးသူ စုစုပေါင်း ၂၂၄၃၈၃ ဦးရှိပြီး စောင့်ကြည့်လူနာ ၁၁၇၅၇ ဦး၊ ပိုးတွေ့လူနာ ၆၉၅၉ ဦး၊ သေဆုံးသူ ၁၁၆ ဦးနှင့် ပိုးတွေ့ပြန်လည်ကောင်းမွန်သူ ၁၉၅၁ ဦးရှိကြောင်း သိရသည်။
“ဓာတ်ခွဲလုပ်ငန်းက တော်တော်လေးကို အခြေခံကျပါတယ်။ COVID-19 ရယ်လို့ ကမ္ဘာမှာ စပြီးတော့ ပေါ်လာကတည်းက ရောဂါ ရှိ မရှိကို သေသေချာချာ ပြောနိုင်ဖို့ လိုအပ်တယ်။ ရောဂါရှိပြီဆိုရင် ရောဂါရှိတဲ့သူကို ကုသမှု၊ ရောဂါမရှိဘူးဆိုလည်း ရောဂါမရှိတဲ့သူကို မရှိတဲ့အတိုင်း စောင့်ကြပ်ကြည့်ရှုမှုကို လုပ်ဆောင်နိုင်ဖို့အတွက် ရောဂါရှိမရှိဆိုတဲ့ ခွဲခြားသိနိုင်ဖို့က ဓာတ်ခွဲစစ်ဆေးမှုက အများကြီး အရေးပါပါတယ်။ အခုနောက်ပိုင်း စစ်တာတွေမှာ Contact တွေကို စစ်တာမှာ ပိုးတွေ့နိုင်မှုနှုန်းက ၁၄ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး တော့ PUI က အစောပိုင်း မတ်၊ ဧပြီတုန်းကဆို PUI ကိုမကြောက်ဘူး။ PUI က လုံးဝပြဿနာမရှိဘူး။ အခုနောက်ပိုင်းမှာတော့ လုံးဝပုံစံချိန်းသွားပြီ။ PUI မှာ ၁၀၀ စစ်ရင် ၁၁ ယောက် ၁၂ ယောက်လောက်က PUI က တွေ့တာများလာတာ တွေ့ရပြီးတော့ Quarantine က တွေ့တာ တစ်ရာခိုင်နှုန်းတောင် မရှိတော့ဘူး။ အခု Contacts ရယ်၊ PUI ရယ် Quarantine အားလုံးပေါင်း အနေနဲ့ကတော့ ၂ ဒသမ ၁၁ ရာခိုင်နှုန်း Positive တွေ့ပါတယ်” ဟု ပါမောက္ခ ဒေါက်တာဋ္ဌေးဋ္ဌေးတင်က ပြောကြားသည်။
COVID-19 စောင့်ကြည့်လူနာ (PUI) ဆိုသည်မှာ COVID-19 ရောဂါ သံသယလက္ခဏာ ခံစားနေရသူများကို ဆိုလိုခြင်းဖြစ်ပြီး ရုတ်တရက်ဖျားခြင်းနှင့် ချောင်းဆိုးခြင်း၊ အခြားရောဂါ တစ်စုံတစ်ရာကြောင့် မဟုတ်ဘဲ ရုတ်တရက် အနံ့အရသာပျောက်ခြင်း၊ လွန်ခဲ့သော ၁၀ ရက်အတွင်း ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဆေးရုံတက်ရောက် ကုသမှုခံရသည်အထိ လတ်တလော ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ရှိခြင်းတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသန ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)၊ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ခုတင် ၁၀၀၀၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀၊ စစ်တွေ၊ ကျောက်ဖြူ၊ မြောင်းမြ၊ မူဆယ်၊ မြိတ်၊ တောင်ငူ၊ ပြည်၊ ဘားအံ၊ ဟားခါး၊ တီးတိန် စသည့်မြို့များမှ ပြည်သူ့ဆေးရုံကြီး များတွင်လည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၌ တစ်ရက်အတွင်း COVID-19 ပိုးတွေ့လူနာသစ် ၄၇၇ ဦးထပ်တိုးပြီး သြဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၂၁ ရက်အထိ တစ်လကျော်အတွင်း ပိုးတွေ့လူနာ ၄၀၀၀ နီးပါးအထိ မြင့်တက်လျက် ရှိသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအကြား ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော် ဦးဆောင်သည့် ‘ရန်ကုန်တိုင်းဒေသကြီး COVID-19 ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့’ ဖွဲ့စည်းထားပြီး နေ့စဉ်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုးတွေ့လူနာများ နေ့စဉ်တစ်ရှိန်ထိုး မြင့်တက်လျက်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သံသယနှင့် စောင့်ကြည့်လူနာများ၊ ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ အားလုံးကို ဓာတ်ခွဲနမူနာယူ စစ်ဆေးလျက်ရှိကြောင်းနှင့် စက်တင်ဘာလဆန်းပိုင်းမှစ၍ ဓာတ်ခွဲစစ်ဆေးမှုများ ထပ်တိုးဆောင်ရွက်ခဲ့ရာ လက်ရှိ တစ်နေ့လျှင် ဓာတ်ခွဲနမူနာပေါင်း ၅၀၀၀ ကျော်ကို စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။















