ယူအက်စ်အိုးပင်း မေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် အမေရိကန်ကစားသမား ဒက်ရှန်ဘော် ပထမဆုံးမေဂျာချန်ပီယံဆု ဆွတ်ခူး

ယူအက်စ်အိုးပင်း မေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် အမေရိကန်ကစားသမား ဒက်ရှန်ဘော် ပထမဆုံးမေဂျာချန်ပီယံဆု ဆွတ်ခူး
Published 22 September 2020

ယခုနှစ်အတွက် ဒုတိယမြောက် မေဂျာဂေါ့ဖ်ပြိုင်ပွဲဖြစ်သည့် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် အမေရိကန်ကစားသမား ဒက်ရှန်ဘော်က ဒုတိယနေရာမှ ကစားသမားကို ခြောက်ချက်အသာဖြင့် အနိုင်ရဗိုလ်စွဲပြီး ကစားသမားဘဝ ပထမဆုံးမေဂျာချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့ကြောင်း သိရသည်။

ယူအက်စ်အိုးပင်းပြိုင်ပွဲကို ပုံမှန်အားဖြင့် ဇွန်လအတွင်း ကျင်းပရမည်ဖြစ်သော်လည်း COVID-19 ကပ်ရောဂါကြောင့် စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ အချိန်ရွှေ့ပြောင်းကျင်းပခဲ့ခြင်းဖြစ်သည်။ 

သတ်မှတ်ရိုက်ချက် ၇၀ ချက်ရှိပြီး ကမ္ဘာပေါ်တွင် ရိုက်ရအခက်ဆုံးကွင်းများထဲမှ တစ်ကွင်းဖြစ်သည့် Winged Foot ကွင်းတွင် ပြိုင်ပွဲဝင်များ ခက်ခက်ခဲခဲယှဉ်ပြိုင်ခဲ့ရပြီး ပြိုင်ပွဲလေးရက်တွင် ဦးဆောင်သူလေးဦးပြောင်းလဲခဲ့သည့် ပြိုင်ပွဲဖြစ်ကာ နောက်ဆုံးနေ့တွင် အကောင်းဆုံးပုံစံပြသခဲ့သည့် ဒက်ရှန်ဘော်က ထိုက်ထိုက်တန်တန် ဗိုလ်စွဲသွားခဲ့ခြင်းဖြစ်သည်။ 

ပထမနေ့ပွဲစဉ်များအပြီးတွင် အမေရိကန်မှ ဂျက်စတင်သောမတ်စ်က လျှော့ရိုက်ချက်ငါးချက်ဖြင့် ဦး ဆောင်ခဲ့ပြီး ပီတာစ်၊ ပက်ထရစ်ရိဒ်၊ မက်သယူးဝုဖ်တို့က လေးချက်စီဖြင့် ကပ်လိုက်နိုင်ခဲ့သည်။ 

ဒုတိယနေ့ပွဲစဉ်များတွင် ဂျက်စတင်သောမတ်စ်က ၇၃ ချက်အထိရိုက်ကာ နှစ်ချက်လျော့သာကျန်ရှိတော့ပြီး ပက်ထရစ်ရိဒ်က လေးချက်လျှော့ဖြင့် ထိပ်ဆုံးရောက်လာသည်။ 

တတိယနေ့အပြီးတွင်မူ အံ့အားသင့်ဖွယ်လက်စွမ်းပြခဲ့သည့် ဝုဖ်က လျှော့ရိုက်ချက်ငါးချက်ဖြင့် ထိပ် ဆုံးနေရာတွင် ဦးဆောင်ခွင့်ရခဲ့သည်။ 

သို့သော် ဝုဖ်သည် နောက်ဆုံးနေ့တွင် ငါးချက်ပိုပြန်ရိုက်ကာ လေးရက်ပေါင်းရိုက်ချက်တွင် Even ဖြစ်သွားခဲ့သည်။ 

နောက်ဆုံးနေ့တွင် သုံးချက်လျော့ရိုက်နိုင်ခဲ့သည့် ဒက်ရှန်ဘော်က စုစုပေါင်း ရိုက်ချက် ၂၇၄ ချက်၊ လျှော့ရိုက်ချက် ခြောက်ချက်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ဆုကြေး ဒေါ်လာ ၂ ဒသမ ၂၅ သန်း ဆွတ်ခူးရရှိခဲ့သည်။

အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် ဒက်ရှန်ဘော်သည် ကစားသမားဘဝတစ်လျှောက် ပထမဆုံး မေဂျာချန်ပီယံဆုရယူနိုင်ခြင်းဖြစ်ပြီး ယခင်က မေဂျာပြိုင်ပွဲများ၌ အမြင့်ဆုံးရပ်တည်မှုအဖြစ် ယခုနှစ် ပီဂျီအေချန်ပီယံရှစ်ပြိုင်ပွဲတွင် အဆင့် ၄ နေရာ ရပ်တည်နိုင်ခဲ့သည်။

Most Read

Most Recent