ခရစ္စတယ်ပဲလေ့စ်ဘက်သို့မန်ယူအသင်း(၂)ကြိမ်တိုင်ကန်ခွင့်ပေးခဲ့ရသော ပယ်နယ်တီဂိုးအတွက် ဒိုင်၏ဆုံးဖြတ်ချက်ကို ဂယ်ရီနဗီးလ် ဝေဖန် 

ခရစ္စတယ်ပဲလေ့စ်ဘက်သို့မန်ယူအသင်း(၂)ကြိမ်တိုင်ကန်ခွင့်ပေးခဲ့ရသော ပယ်နယ်တီဂိုးအတွက် ဒိုင်၏ဆုံးဖြတ်ချက်ကို ဂယ်ရီနဗီးလ် ဝေဖန် 
Photo : Daily Mail
Photo : Daily Mail
Published 21 September 2020

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ(၁-၃) ခရစ္စတယ်ပဲလေ့စ်ပွဲတွင် မန်ယူအသင်းပေးခဲ့ရသော ပယ်နယ်တီဂိုးအတွက် မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဒိုင်လူကြီး၏ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့သည်။ ယင်းပွဲတွင် ဒုတိယပိုင်းပွဲချိန် (၇၄)မိနစ်၌ မန်ယူနောက်ခံလူ လင်ဒီလော့ဖ် လက်ထိဘောဖြစ်ခဲ့သည်ဟုဆိုကာ ကွင်းလယ်ဒိုင်ဖြစ်သူ မာတင်အက်ကင်ဆန်က ခရစ္စတယ်ပဲလေ့စ်အသင်း ဘက်သို့ ပယ်နယ်တီပေးခဲ့သည်။

ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဂျော်ဒန်အာယူး ကန်လိုက်သောဘောလုံးမှာ လင်ဒီလော့ဖ်၏ ညာဘက်လက်ကို ထိမှန်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်၌ မန်ယူကစားသမားများက ကန့်ကွက်ခဲ့သော်လည်း ဒိုင်လူကြီးက ကွင်းဘေးစည်းရှိ VAR မော်နီတာကိုပြန်ကြည့်ကာ ပယ်နယ်တီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ယင်းပယ်နယ်တီကို အာယူးက ကန်သွင်းယူခဲ့ရာတွင် မန်ယူဂိုးသမား ဒီဟေးယားက ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သော်လည်း ပယ်နယ်တီမဖမ်းမီ ဂိုးသမားအနေဖြင့် ဂိုးစည်းရှေ့ကိုထွက်သည်ဟုဆိုကာ ဒိုင်လူကြီး မာတင်အက်ကင်ဆန်က ပယ်နယ်တီကို ပြန်ကန်စေခဲ့သည်။

ဒုတိယတစ်ကြိမ်ကန်သွင်းမှုတွင် ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား ဇာဟာက ကန်သွင်းခဲ့ပြီး ပယ်နယ်တီကို ဝင်အောင်ကန်သွင်းယူနိုင်ခဲ့သည်။သို့ဖြစ်ရာ ရုပ်သံဘောလုံးဝေဖန်သူ ဂယ်ရီနဗီးလ်က ယင်းဖြစ်ရပ်(၂)ကြိမ်စလုံးတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့သည်။ ဂယ်ရီနဗီးလ်က ခရစ္စတယ်ပဲလေ့စ်အသင်းဘက်သို့ ပေးခဲ့သောပယ်နယ်တီမှာ လုံးဝအဓိပ္ပာယ်မရှိဟု ပြောကြားခဲ့သည်။ ''ဘောလုံးကို အာယူး ကန်တင်လိုက်ရာမှာ လင်ဒီလော့ဖ်ရဲ့လက်ကို ဘောလုံးက လာမှန်ခဲ့တာပါ။ ဒါကို ပယ်နယ်တီပေးလိုက်တာက ကျွန်တော့်ကို အလွန်ပဲအံ့အားသင့်စေပါတယ်။ လင်ဒီလော့ဖ်အနေနဲ့ ပြေးလွှားနေတာကြောင့် သူ့ရဲ့လက်က လှုပ်ရှားနေတာပါ။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း အန်ဖီးလ်ကွင်းမှာ ဒီလိုပုံစံမျိုး အဓိပ္ပာယ်မရှိတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီးပါပြီ''ဟု ဂယ်ရီနဗီးလ်က ပြောကြားခဲ့သည်။ 

ထို့ပြင် ဒီဟေးယား၏ဖြစ်ရပ်နှင့်ပတ်သက်၍လည်း ဂယ်ရီနဗီးလ်က ''ဘယ်လောက်တောင် ကျက်သရေမရှိတဲ့ အရာတစ်ခုလဲ။ ဒီဟေးယားဟာ ဂိုးစည်းကနေ (၂)လက်မလောက် ရှေ့ထွက်ခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ မီလီမီတာတွေနဲ့ပါတွက်ပြီး ပြောနေရမယ်ဆိုရင် တကယ်ကို မယုံကြည်နိုင်စရာပါပဲ။ တစ်ကိုက်၊ နှစ်ကိုက်ထွက်တာမျိုးဆိုရင် ကျွန်တော် နားလည်ပေးလို့ရပါတယ်''ဟု ဆက်လက်ပြောကြားခဲ့သည်။  ယင်းပယ်နယ်တီဂိုးကို ခွင့်ပြုခဲ့ရ၍ ဒီဟေးယားအနေဖြင့် မန်ယူအသင်းပေးရသော ပရီးမီးယားလိဂ်ပယ်နယ်တီများကို ဆက်တိုက်ဂိုးပေးရခြင်းမှာ (၁၈)ဂိုးအထိ(၂၀၁၄ အောက်တိုဘာတွင် အဲဗာတန်မှ လေတန်ဘိန်းစ်၏ ပယ်နယ်တီကို ဖမ်းမိပြီးနောက်ပိုင်း) ရှိလာခဲ့သည်။

Most Read

Most Recent