ကာကွယ်ရေးနှင့် လုံခြုံရေးရာကိစ္စရပ်များကို အရပ်ဘက်စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်နှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း PPP ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဖော်ပြ

ကာကွယ်ရေးနှင့် လုံခြုံရေးရာကိစ္စရပ်များကို အရပ်ဘက်စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်နှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း PPP ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဖော်ပြ
Published 15 September 2020
ပြည့်ဖြိုးအောင်

ကာကွယ်ရေးနှင့် လုံခြုံရေးရာကိစ္စရပ်များကို အရပ်ဘက်စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်နှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ အနာဂတ် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်များတွင် အထက်ပါအချက်ကို ဖော်ပြထားခြင်း ဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌ တပ်မတော်၏နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေမှုနှင့်ပတ်သက်၍ ၀ိ၀ါဒကွဲပြားနေပြီး အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အခြေအနေများ ယိုယွင်းလာသော အမျိုးသားရင်ကြားစေ့ရေး အလှမ်းကွာနေသည်ကို အချိန်မီကုစားနိုင်ရန် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးလုပ်ငန်းစဉ် လေးရပ်ကို ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါလုပ်ငန်းစဉ်လေးရပ်မှာ ဒီမိုကရေစီအစိုးရများတွင် ရှိသင့်ရှိအပ်သော ကာကွယ်ရေးနှင့် လုံခြုံရေးရာကိစ္စရပ်များအား အရပ်ဘက် စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်၏အခန်းကဏ္ဍ၊ စုဖွဲ့မှု၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာမူဝါဒ၊ ဘတ်ဂျက်နှင့် စီမံခန့်ခွဲမှု လုပ်ငန်းစဉ် စသည့် ကိစ္စအဝဝကို သုံးသပ်လေ့လာကာ အရပ်ဘက်စွမ်းရည်မြှင့်တင်၍ တပ်မတော်နှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ တပ်မတော်အား ခေတ်မီ တပ်မတော်တစ်ရပ်အဖြစ် ရပ်တည်နိုင်ရေးလိုအပ်သော ကြိုတင်ပြင်ဆင်မှုအတွက် စီမံကိန်းများ ညှိနှိုင်းရေးဆွဲပြီး နိုင်ငံတော်၏ လူထုအခြေပြု ကာကွယ်ရေးစွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများအား ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်တို့ကို ဖော်ပြထားသည်။

ထို့ပြင် တပ်မတော်က လက်ရှိပါဝင်နေသော နိုင်ငံတော်၏ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတာဝန်များကို ပြည်သူ့အစိုးရထံသို့ စနစ်တကျအဆင့်ဆင့် လွဲပြောင်းနိုင်ရန်နှင့် ပြည်သူဗဟိုဖွံ့ဖြိုးရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ အပစ်အခတ်ရပ်စဲပြီး ဒေသများတွင် ငြိမ်းချမ်းရေးအသီးအပွင့်များ ခံစားနိုင်ရန် ဒေသခံတိုင်းရင်းသားပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်များနှင့် တပ်မတော်အကြား ယုံကြည်မှုတည်ဆောက်၍ ပဋိပက္ခလွန် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို အတူလက်တွဲဆောင်ရွက်နိုင်ရန်နှင့် တစ်ဖက်တွင်လည်း လွတ်လပ်တက်ကြွစွာ နိုင်ငံတကာကတိကဝတ်များနှင့် တာဝန်များကို ကျေပွန်စွာဆောင်ရွက်ခြင်းဖြင့် နိုင်ငံနှင့် နိုင်ငံတော်အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာကို အမြန်ဆုံးပြန်လည်မြှင့်တင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ နိုင်ငံသားတိုင်း ဒီမိုကရေစီနှင့် တရားမျှတမှုကို လက်လှမ်းမှီနိုင်စေရန် လိုအပ်နေသော ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်မည်သာမက အတိတ်တွင်ဖြစ်ပွားခဲ့သော တရားမျှတမှု ကျိုးပေါက်ခဲ့ရမှုများကို ချဉ်းကပ်ရာတွင် နိုင်ငံတော် သင်ခန်းစာများအရ အပြုသဘောဆောင်သည့် တရားမျှတမှု ပြန်လည်ပေါင်းစည်းပေးရေးမှု (Restorative Justice) ဖြင့် ဒီမိုကရေစီနှင့် တရားမျှတမှု ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်လေးရပ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

ဒီမိုကရေစီအရေအတွက် ကျဆုံးခဲ့ရသော အနစ်နာခံခဲ့ရသောသူရဲကောင်းများ၏ ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံမှုများကို မျိုးဆက်သစ်များ စံနမူနာယူနိုင်စေရန် ဒီမိုကရေစီ မော်ကွန်းဝင်များအဖြစ် ထိုက်ထိုက်တန်တန် အသိအမှတ်ပြုပေးရန်နှင့် ယင်းပုဂ္ဂိုလ်များ၏ သားသမီးများအတွက် ပညာရေးကို နိုင်ငံတော်မှ စရိတ်ကျခံပေးရန်၊ ဒီမိုကရေစီအတွက် ပြည်ပသို့ ထွက်ခွာခဲ့ရသော မြန်မာနိုင်ငံသားများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုသောအားဖြင့် မြန်မာနိုင်ငံသား ပြန်လည်ရရှိခွင့်နှင့် အမြဲတမ်း နေထိုင်ခွင့်များကို ပံ့ပိုးဆောင်ရွက်ပေးရန်တို့ ဖြစ်သည်။

ထို့ပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးမူ ချမှတ်ရေးအတွက် လက်စားမချေရေးနှင့် သင်ပုန်းချေရေးဟူသော ချေနှစ်ချေမှုကို စွဲကိုင်လျက် အနာဂတ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ထပ်မံမဖြစ်ရေး၊ တရားမျှတမှုကို လက်တွေ့ကျကျ လက်လှမ်းမီရေး၊ ယုံကြည်မှုအတိုင်း လွတ်လပ်စွာတင်ပြဆွေးနွေးနိုင်ရေး၊ ဒီမိုကရေစီရပိုင်ခွင့်များ ကာကွယ်စောင့်ရှောက်ရေးနှင့် အခွင့်အလမ်းများသာ တူရယူနိုင်မည့် ညီမျှရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရမှ အမြန်ဆုံးအကောင်အထည်ဖော်ပေးရန်နှင့် တရားမျှတမှု ဖြည့်ဆည်းရေးအတွက် ကန့်သတ်ချုပ်ချယ်ထားသည့် ဥပဒေများကိုရုပ်သိမ်းလျက် အရေးပါသော လွတ်လပ်သည့် သတင်းမီဒီယာအား နိုင်ငံ၏စတုတ္ထမဏ္ဍိုင်အဖြစ် ခိုင်မာစွာ ရပ်တည်နိုင်စေရေး အားပေးရန်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာစာတမ်းတွင် ဖောြ်ပထားသည်။

Most Read

Most Recent