၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၁ ဒသမ ၁၄ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၇၀ ရာခိုင်နှုန်း မြင့်တက်

၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၁ ဒသမ ၁၄ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၇၀ ရာခိုင်နှုန်း မြင့်တက်
ရန်ကုန်မြို့ရှိ စျေးတစ်ခုတွင် စျေးသည်စျေးဝယ်တို့ကို ယခုလပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်မြို့ရှိ စျေးတစ်ခုတွင် စျေးသည်စျေးဝယ်တို့ကို ယခုလပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 15 September 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၁ ဒသမ ၁၄ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် အစားအစာအုပ်စု၏ စျေးဆနှုန်းမှာ ၁၇၃ ဒသမ ၅၇ ဖြစ်ပြီး ယခင်ဇွန်လအခြေအနေ ၁၆၀ ဒသမ ၉၈ နှင့်နှိုင်းယှဉ်ပါက သုညဒသမ ၁၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် အစားအစာမဟုတ်သောအုပ်စု၏ စျေးဆနှုန်းမှာ ၁၄၃ ဒသမ ၆၆ ဖြစ်သဖြင့် ယခင်ဇွန်လအခြေအနေ ၁၄၁ ဒသမ ၃၄ နှင့်နှိုင်းယှဉ်ပါက သုညဒသမ ၂၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၃ ဒသမ ၅၇၊ အစားအစာမဟုတ်သောအုပ်စုအတွက် ၁၄၃ ဒသမ ၆၆ နှင့် အုပ်စုအားလုံးအတွက် ၁၆၁ ဒသမ ၁၄ ရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်တွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်ကာလတူထက် စားသုံးသူစျေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန် ကောက်ခံသည့် အုပ်စုအားလုံးတွင် ပါဝင်သည့် ကုန်ပစ္စည်းစျေးနှုန်းများ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်အထိ တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် မတ်တွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်းပြန်လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၆၁ ဒသမ ၇၂ ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှစ၍ အစားအစာအုပ်စုစျေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ ဇွန်တွင် ၁၆၀ ဒသမ ၉၈ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် ၁၆၁ ဒသမ ၁၄ ဖြစ်ပေါ်ခဲ့သဖြင့် ယခင်လနှင့်နှိုင်းယှဉ်ပါက အနည်းငယ် ပြန်လည်မြင့်တက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်အတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၆၁ ဒသမ ၁၄ ဖြစ်ရာ ယခင်နှစ်အလားတူလ၏ စားသုံးသူစျေးဆနှုန်း ၁၅၈ ဒသမ ၄၄ နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၇၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် ဆက်သွယ်ရေးအုပ်စုနှင့် ပြင်ပအစားအသောက်အုပ်စု၏ စျေးနှုန်းများ ကျဆင်းလာခဲ့သော်လည်း ကျန်အုပ်စုအားလုံးတွင်ပါဝင်သော ကုန်ပစ္စည်းစျေးနှုန်းများမှာ ပြီးခဲ့သည့် ဇွန်လနှင့်နှိုင်းယှဉ်ပါက မြင့်တက်လာခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းများအား ကြည့်ပါက ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးမြို့တို့တွင် ကျဆင်းလျက်ရှိပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မြင့်တက်မှုရှိနေသည်ကို တွေ့ရှိရသည်။

လအလိုက်ပြောင်းလဲမှုရာခိုင်နှုန်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် အများဆုံးပြောင်းလဲမှုဖြစ်ပေါ်နေပြီး ကယားပြည်နယ်တွင် အနုတ် သုည ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် အနည်းဆုံးပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စု၌ ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုး ရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့  တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်အထိ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၁၄ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁ ဒသမ ၇၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။               

Most Read

Most Recent