၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၁၄ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း နှစ်လဆက်တိုက် ရှစ်ရာခိုင်နှုန်းအောက် ကျဆင်း

၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၁၄ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း နှစ်လဆက်တိုက် ရှစ်ရာခိုင်နှုန်းအောက် ကျဆင်း
ရန်ကုန်မြို့ရှိ Shopping Mall တစ်ခုတွင် စျေးဝယ်နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- စည်သူအောင်)
ရန်ကုန်မြို့ရှိ Shopping Mall တစ်ခုတွင် စျေးဝယ်နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- စည်သူအောင်)
Published 15 September 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၁၄ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း နှစ်လဆက်တိုက် ရှစ်ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လမှ ၂၀၂၀ ပြည့်နှစ် မေလအထိ ၁၂ လဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်း ရှစ်ရာခိုင်နှုန်း အထက်မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး၂၀၂၀ ပြည့်နှစ် ဇွန်လ၏ ငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၉၁ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ် ဆက်လက်ကျဆင်းလာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်နှင့် ဇူလိုင်တွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်အထိ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၁၄ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁ ဒသမ ၇၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်အထိ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၁၄ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ် ဇွန်အထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၉၁ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၇၇ ရာခိုင်နှုန်း ကျဆင်းလာကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မေလမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေလတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent