မွန်ညီညွတ်ရေးပါတီအနေဖြင့် ချောင်းဆုံ၊ မုဒုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ပေါင်မြို့နယ်များတွင် ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ်လောင်းများ၏ မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် စတေကာကမ်ပိန်းများ ပြုလုပ်

မွန်ညီညွတ်ရေးပါတီအနေဖြင့် ချောင်းဆုံ၊ မုဒုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ပေါင်မြို့နယ်များတွင် ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ်လောင်းများ၏ မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် စတေကာကမ်ပိန်းများ ပြုလုပ်
မွန်ညီညွတ်ရေးပါတီမှ သံဖြူဇရပ်မြို့တွင် ကိုယ်စားလှယ်လောင်းများ၏ မြေစိုက်ပိုစတာစိုက်ထူခြင်း ဆောင်ရွက်နေစဉ် (Photo:MUP)
မွန်ညီညွတ်ရေးပါတီမှ သံဖြူဇရပ်မြို့တွင် ကိုယ်စားလှယ်လောင်းများ၏ မြေစိုက်ပိုစတာစိုက်ထူခြင်း ဆောင်ရွက်နေစဉ် (Photo:MUP)
Published 14 September 2020
ဘိုဘိုမြင့် (မော်လမြိုင်)

မွန်ညီညွတ်ရေးပါတီအနေဖြင့် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက ချောင်းဆုံ၊ မုဒုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ပေါင်မြို့နယ်များအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဝင် အောင်နိုင်ရေး ကိုယ်စားလှယ်လောင်းများ၏ မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် Sticker Campaign များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ဒီနေ့မှာတော့ ကျွန်တော်တို့ကိုယ်စားလှယ်လောင်းတွေရဲ့ ပိုစတာတွေ ချောင်းဆုံမြို့နယ်ထဲက မြောက်ပိုင်းကျေးရွာ ငါးရွာမှာ စိုက်ထူခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာဆိုရင် ချောင်းဆုံမြို့နယ် တောင်ဘက်ပိုင်းက ကျေးရွာတွေမှာလည်း ပိုစတာတွေ ဆက်လက်စိုက်ထူသွားမှာ ဖြစ်ပါတယ်” ဟု မွန်ညီညွတ်ရေးပါတီမှ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၂) (ချောင်းဆုံမြို့နယ်) ကိုယ်စားလှယ်လောင်း မင်းသန်းနိုင်က ပြောကြားသည်။

လက်ရှိ အခြေအနေအရ COVID-19 ကူးစက်ကပ်ရောဂါကာလဖြစ်နေသည့်အတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရသည့်အခါတွင် တော်တော်လေး အခက်အခဲ ဖြစ်ရကြောင်း၊ ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အကြိုကာလနှင့်နှိုင်းယှဉ်ပါက တော်တော်လေးကို ကွာသွားကြောင်း၊ မိမိတို့အနေဖြင့်လည်း ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်အတိုင်း မဲဆွယ်စည်းရုံးရေး ဆင်းသည့်အခါတွင် လူဦးရေအယောက် ၅၀ သာ စီစဉ်သော်လည်း ဝန်းရံသည့် ပြည်သူများက ၎င်းတို့၏အစီအစဉ်ဖြင့် လိုက်ပါလာကြသည့်အတွက် ထိန်းရခက်ပါကြောင်း၊ ထို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်၊ ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီဖြစ်အောင် အမြဲတမ်းလည်း နှိုးဆော်နေရပါကြောင်း မင်းသန်းနိုင်က ဆိုသည်။

“ နောက်တစ်ချက်က ကျွန်တော်တို့ မွန်ပြည်နယ်ထဲမှာ Silence Carrier တွေ များလာတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့က အရမ်းစိတ်ပူတယ်။ ကျွန်တော်ထက်စာရင် ကျွန်တော်တို့နဲ အတူတူဝန်းရံပြီး ပါလာကြတဲ့ ပြည်သူတွေအတွက်ကို စိတ်ပူတယ်။ အဲဒီအတွက်ကိုလည်း အခုကျွန်တော်တို့ အဖြေရှာနေပါတယ်။ အတတ်နိုင်ဆုံးတော့ အားလုံး Mask တပ်ကြဖို့၊ လက်ကိုပုံမှန်ဆေးကြဖို့၊ Space ရှိတဲ့နေရာတွေမှာ Social Distances နေကြဖို့ အမြဲတမ်းနှိုးဆော်ပေးနေပါတယ်” ဟု မင်းသန်းနိုင်က ပြောကြားသည်။

ထို့ပြင် မွန်ညီညွတ်ရေးပါတီအနေဖြင့် မုဒုံမြို့ရှိ ပါတီမြို့နယ်ရုံးနှင့် မြို့ပေါ်ရပ်ကွက်များတွင် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြေစိုက်ပိုစတာများ စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ကျိုက်မရောမြို့နယ်နှင့် ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေး ရွာများတွင်လည်း ကိုယ်စားလှယ်လောင်းများ၏ မြေစိုက် ပိုစတာစိုက်ထူခြင်းနှင့် Sticker Campaign များ ပြုလုပ်ကြကြောင်း သိရသည်။

အလားတူ မွန်ညီညွတ်ရေးပါတီအနေဖြင့် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက သံဖြူဇရပ်မြို့ပေါ် နေရာခြောက်နေရာတွင် ကိုယ်စားလှယ်လောင်းများ၏ မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် Sticker Campaign များ ပြုလုပ်ခဲ့ကြောင်း သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ်လောင်း နိုင်မင်းလတ်က ပြောကြားသည်။

“ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါမှာ လူ ၅၀ ထက်ပိုမစုရဘူးဆိုတာကို သတိကြီး ကြီးထားရတယ်။ ကိုယ်တွေက လူ ၅၀ နဲ့ပဲ စည်းရုံးရေးခရီးစဉ်ကို ဆင်းသွားတယ်။ သို့သော် ကိုယ့်အစီအစဉ်နဲ့ကိုယ် လာရောက်ဝန်းရံကြတဲ့ ပြည်သူတွေ ပါဝင်လာကြတဲ့အခါမှာ မလိုလားတဲ့သူတွေအတွက်တော့ အသုံးချစရာ၊ အပြစ်ပြောစရာ၊ နောက်ဆုံး တိုင်တန်းစရာတွေအထိ ဖြစ်လာနိုင်တဲ့ စိန်ခေါ်မှုတွေတော့ ရှိပါတယ်” ဟု နိုင်မင်းလတ်က ဆက်လက်ပြောကြားသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် မဲဆန္ဒနယ်အပြည့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၌ အမျိုးသားလွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် နှစ်နေရာ၊ ကော့ကရိတ်မြို့နယ်၌ ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် တစ်နေရာနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၌လည်း ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာ၊ မွန်ပြည်နယ်တွင် ဗမာတိုင်းရင်းသားရေးရာကိုယ်စားလှယ် တစ်နေရာနှင့် ကရင်ပြည်နယ်တွင် မွန်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေဖြူမြို့နယ်၌ တိုင်းဒေသကြီးလွှတ်တော် တစ်နေရာ၊ ဘုတ်ပြင်းမြို့နယ်၌ တိုင်းဒေသကြီးလွှတ်တော် တစ်နေရာ၊ ဘုတ်ပြင်းမြို့နယ်၌ တိုင်းဒေသကြီးလွှတ်တော် တစ်နေရာနှင့် မြိတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် နှစ်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာ၊ ကော့သောင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာနှင့် ပုလောမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော် တစ်နေရာ ဝင်ရောက်အရွေးချယ်ခံ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၌ ရွှေပြည်သာ-မှော်ဘီ-ထန်းတပင်တွင် အမျိုးသားလွှတ်တောတစ်နေရာ ၊ တောင်ဥက္ကလာပ၊ ဒေါပုံ၊ ရွှေပြည်သာ၊ သာကေတနှင့် စမ်းချောင်းမြို့နယ်များတွင် တိုင်းဒေသကြီးလွှတ်တော် တစ်နေရာစီနှင့် ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြို့နယ်တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent