COVID-19 ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှု

COVID-19 ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှု
Published 12 September 2020

ရက် ၂၀ ကျော်အတွင်း လူကိုးဦး သေဆုံးခဲ့ပြီး ICU ၌ ကုသခံနေရသည့် လူနာ ၂၀ ခန့် ရှိနေရာ COVID-19 ဗိုင်းရပ်စ်ပိုးသည် ဗီဇပြောင်းလဲသွားသောကြောင့် ရောဂါပြင်းထန်မှုလျော့ကျလာသည်ဆိုခြင်းအတွက် အထောက်အထားမရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားခဲ့သည်။

“ ရောဂါက ဘယ်လောက်ထိ ပြင်းထန်သလဲဆိုတာကို သုတေသနတွေ လုပ်နေဆဲ ရှိပါသေးတယ်။ အခုမျိုးရိုးဗီဇပြောင်းလဲမှုတွေလည်း ရှိနေတော့ ပိုးအသစ်က ပိုးအဟောင်းထက် ရောဂါပြင်းထန်မှု သိပ်မရှိဘူးဆိုတာကို ဘယ်သုတေသနစာစောင်ကမှ မဖော်ပြသေးပါဘူး။ သို့သော် တချို့သုတေသနစာစောင်မှာဆိုရင် ပိုးအသစ်က ပိုးအဟောင်းထက်စာလို့ရှိရင် နည်းနည်းတောင် ပိုပြီးတော့ပြင်းတယ်ဆိုတဲ့ တွေ့ရှိချက်ရှိတဲ့ စာစောင်တွေတော့ ရှိပါတယ်။ ပျော့တယ်ဆိုတဲ့ စာစောင်တော့ မရှိပါဘူး။ ပြင်းတယ်ဆိုတဲ့ စာစောင်တချို့တော့ တွေ့ပါတယ်။ သို့သော် သုတေသနစာစောင်တစ်ခုလောက်က ထွက်ရုံနဲ့တင် ဒါဟာလည်း ဟုတ်တယ်လို့ ကောက်ချက်ချလို့ မရနိုင်သေးပါဘူး။ သက်ဆိုင်ရာ တိုင်းပြည်တွေက သုတေသနဆက်လုပ်နေသေးတုန်းပဲ ရှိပါသေးတယ်။ လက်ရှိအခြေအနေမှာလည်း ရောဂါပိုးတွေ့တဲ့သူတွေ ၂,၀၀၀ ကျော်လာပြီပေါ့။ နဂိုအရှေ့ပိုင်း ငါးလလောက်က လူ ၃၀၀ ကျော်လောက်ပဲ ရှိနေရာကနေ အခုဆိုရင် ငါးဆခွဲ ခြောက်ဆလောက်က ၂၅ ရက်လောက်အတွင်းမှာ တက်လာတာဖြစ်ပါတယ်။ တစ်လလောက် မပြည့်တဲ့အချိန်မှာတင် ငါးဆလောက် တက်လာတာဖြစ်တဲ့အတွက် ပေါ့ဆလို့ လုံးဝမရပါဘူး။ ရောဂါကူးစက်မှုက တော်တော်မြန်နေတယ်ဆိုတာ သိနိုင်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားခဲ့သည်။

ဆေးသုတေသနဦးစီးဌာနတွင် ကနဦးစစ်ဆေးချက်အရ ရခိုင်ပြည်နယ်မှ ဓာတ်ခွဲနမူနာ ကိုးခုတွင် COVID-19 ရောဂါပိုး၏ မျိုးဗီဇအစိတ်အပိုင်းတစ်ခုသည် ပြောင်းလဲလျက်ရှိကြောင်း သြဂုတ် ၂၈ ရက်က ရခိုင်ပြည်နယ်တွင် လျင်မြန်စွာ ကူးစက်ဖြစ်ပွားနေသော COVID-19 အား ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဗဟို၊ ရခိုင်ပြည်နယ်နှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များမှ ကျန်းမာရေးကဏ္ဍ တာဝန်ရှိသူများနှင့် ကွင်းဆင်းအဖွဲ့များ ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သြဂုတ် ၁၆ ရက်မှ သြဂုတ် ၂၈ ရက် နံနက်ပိုင်းအထိ ရခိုင်ပြည်နယ်တွင် COVID-19 ဖြစ်ပွားသူ ၂၁၆ ဦး တွေ့ရှိခဲ့ပြီး အခြားတိုင်းဒေသကြီးပြည်နယ်များမှ စစ်တွေမြို့သို့ ခရီးသွားရာဇဝင်ရှိသူ ခြောက်ဦးတွင်လည်း COVID-19 ကူးစက်ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း၊ ရခိုင်ပြည်နယ်၌ COVID-19 သည် အချိန်တိုကာလအတွင်း များပြားစွာ တွေ့ရှိလျက်ရှိပြီး ကပ်ရောဂါ၏ သဘောသဘာဝအရ ရက်အနည်းငယ်အကြာ ဆက်လက်များပြားနိုင်ကြောင်း၊ ဆေးသုတေသန ဦးစီးဌာနတွင် ကနဦးစစ်ဆေးချက်အရ ရခိုင်ပြည်နယ်မှ ဓာတ်ခွဲနမူနာကိုးခုတွင် COVID-19 ရောဂါပိုး၏ မျိုးဗီဇအစိတ်အပိုင်းတစ်ခုသည် ပြောင်းလဲလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ယခုကဲ့သို့ ကူးစက်မှု မြန်ဆန်နေသည်ဟု ယူဆပါကြောင်း၊ မျိုးဗီဇတစ်ခုလုံး (whole genome sequencing) ကို ဆေးသုတေနဦးစီးဌာနက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း စသည်တို့ကို ပြောကြားထားသည်။

“ စက်တင်ဘာ ၃ ရက်နေ့က စပြီးတော့ စက်တင်ဘာ ၁၁ ရက်အထိ ကိုးရက်အတွင်းမှာ ကိုးယောက် သေဆုံးတယ်ဆိုတော့ သူ့ရဲ့ပြင်းထန်အားကို လျှော့တွက်လို့ မရပါဘူး။ ပိုးသစ်နဲ့ ပိုးဟောင်း နှိုင်းယှဉ်မယ်ဆိုရင် ပိုးသစ်က ပျော့တယ်ဆိုတဲ့အထောက်အထားတော့ မရှိပါဘူး။ လက်ရှိအနေအထားအရဆို ရခိုင်မှာ ဖြစ်တဲ့ဟာက ဆေးသုတေသနက ပိုးအသစ်ဖြစ်ကြောင်း တွေ့ရှိပြီးဖြစ်ပါတယ်။ လက်ရှိ ပိုးအသစ်က ကိုးရက်မှာတင် လူနာ ကိုးယောက် သေဆုံးထားတယ်။ လက်ရှိအချိန်မှာလည်း အထူးကြပ်မတ်ကုသဆောင် ICU မှာ ကုသနေတဲ့ လူနာ ၂၀ ရှိပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ဆက်လက်ပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ COVID-19 ဗိုင်းရပ်စ်ပိုးသည် ဗီဇပြောင်းလဲသွားသောကြောင့် ရောဂါပြင်းထန်မှု လျော့ကျလာသည်ဟူသည့် အချက်အတွက် အထောက်အထား ခိုင်မာစွာ မရှိသေးရာ COVID-19 ဗိုင်းရပ်စ်ပိုး၏ ကူးစက်မှုအန္တရာယ်ကို လျှော့မတွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။        

 

■ စက်တင်ဘာ ၁၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent