ဆက်လက်အရှိန်မြင့်တက်လာနိုင်သည့် COVID-19

ဆက်လက်အရှိန်မြင့်တက်လာနိုင်သည့် COVID-19
Published 11 September 2020

စက်တင်ဘာ ၉ ရက်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိထားသည့် စာရင်းအရ COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် ၄၉၅ ဦး၊ ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် ၆၇ ဦး၊ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးတွင် ၅၇ ဦး၊ တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံကြီးတွင် ကိုးဦး၊ ရန်ကုန်ကလေးဆေးရုံကြီးတွင် တစ်ဦး စုစုပေါင်း ၆၂၉ ဦးရှိကြောင်းနှင့် တစ်နိုင်ငံလုံးတွင် လက်ရှိဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော လူနာစုစုပေါင်း ၁၃၂၉ ဦး ရှိကြောင်းသိရသည်။

စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၀၀၉ ဦး ရှိကြောင်း၊ လက်ရှိအထိ ဆေးရုံဆင်းခွင့်ရရှိပြီးသူ ၅၅၃ ဦး ရှိကြောင်း၊ စက်တင်ဘာ ၉ ရက်တွင် စောင့်ကြည့်လူနာများအနက် ဓာတ်ခွဲစစ်ဆေးခဲ့သူ ၂၂၁ ဦးတွင် ၆၄ ဦး၌ ပိုးတွေ့ရှိခဲ့ပြီး အသွားအလာကန့်သတ်ထားရှိသူ ၂၄၉၃ ဦးအနက် ၁၀ ဦးတွင် ပိုးတွေ့ရှိခဲ့ကြောင်းနှင့် ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့သူ ၁၃၈ ဦးအနက် ၁၂၃ ဦးတွင် ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

“လက်ရှိ COVID Positive လူနာတွေကုတာ ဝေဘာဂီအထူးကုဆေးရုံကြီး၊ တောင်ဥက္ကလာ အထူးကုဆေးရုံကြီး၊ COVID-19 ကုသရေးဌာန (ဖောင်ကြီး) ရှိပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်ဆေးရုံကြီးတွေ တချို့ခရိုင် မြို့နယ်ဆေးရုံတွေ ရှိပါတယ်။ လက်ရှိ COVID ကို လက်ရှိအချိန်မှာ တာဝန်ယူပြီး ကုသပေးနေတဲ့ဆေးရုံ လောလောဆယ်မှာ ၄၀ ရှိပါတယ်။ ဒီနေ့အထိ လူနာ ၂၀၀၉ ဦးကို ကုသပေးနေတာပါ။ ရန်ကုန်မှာတော့ ဖောင်ကြီးရယ်၊ ဝေဘာဂီရယ်၊ တောင်ဥက္ကလာရယ်ကတော့ အဓိကသုံးရုံပေါ့။ ဝေဘာဂီဆေးရုံမှာက လူနာ ၉၀ လောက်ဆံ့တယ်။ တောင်ဥက္ကလာကတော့ ၆၀ လောက်ဆံ့တယ်။ ဖောင်ကြီးကတော့ လူ  ၁၀၀၀၊ အများဆုံး ၂၀၀၀ အထိ  ဆံ့အောင် စီစဉ်ထားပါတယ်။ အခုလောလောဆယ်မှာ ဖောင်ကြီးမှာ လူ ၅၀၀ ကျော် ပြည့်သွားလို့ နောက်ထပ် ၅၀၀ ထပ်တိုးချဲ့ဖို့အတွက် ဆောင်ရွက်နေပါပြီ။ နောက်တစ်ခုက ကျွန်မတို့ရဲ့ဆေးရုံဆင်းတဲ့ သတ်မှတ်ချက်ကို ပြောင်းလဲလိုက်တဲ့အတွက် အခုဆို လူနာက ၂၄ ရက် ကျော်ပြီး ဒါမှမဟုတ် ရောဂါလက္ခဏာသက်သာပြီးတဲ့သူတွေ မနေ့ကပဲ ရာနဲ့ချီ ဆင်းတာကို တွေ့မှာပါ။ ဒီနေ့လည်း ထပ်ဆင်းဖို့ အများကြီးရှိပါတယ်။ သက်သာသွားတဲ့လူနာတွေ ဆင်းသွားတဲ့အတွက် ခုတင်တွေလည်း လွတ်လာပါပြီ။ အရင်တုန်းကတော့ သူ့ရဲ့ ဆေးရုံဆင်းတဲ့သတ်မှတ်ချက်က နှစ်ကြိမ် Negative ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေရှိနေတဲ့အခါကျတော့ တချို့လူနာတွေဆို ရက်ပေါင်း ၇၀၊ ၈၀၊ ၉၀  ကျော်လောက်အထိ ရှိခဲ့တယ်။ အခုဆိုရင် ဒါတွေဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဆေးရုံဆင်းတာမြန်ရင် ဆေးရုံတွေမှာ ခုတင်လိုအပ်ချက်တွေလည်း နည်းသွားတာပေါ့။ အခုဆိုလည်း ဖောင်ကြီးကို ထပ်တိုးချဲ့ဖို့ ပြင်နေသလို နောက်ထပ်ပုဂ္ဂလိ ကဆေးရုံတစ်ခုကိုလည်း လိုအပ်လို့ရှိရင် သုံးဖို့လည်း ပြင်ဆင်နေပါတယ်။ ဒါ့အပြင် သိပ်မဆိုးတဲ့သူတွေဆိုရင် နောက်ထပ် ဘယ်လိုထားမလဲဆိုတဲ့ အစီအစဉ်တွေ၊ ပိုးတွေ့ပေမဲ့ ရောဂါလက္ခဏာ မပြတဲ့သူတွေ၊ အသက်လည်းငယ်တယ် နောက်ခံရောဂါလည်းမရှိတဲ့သူတွေကို သီးခြားတစ်နေရာမှာ ကုသပေးဖို့ စီစဉ်နေတာ ရှိပါတယ်။ လက်ရှိအနေအထားအရတော့ ကျွန်မတို့ နိုင်နိုင်နင်းနင်းနဲ့ ဆောင်ရွက်နိုင်ပါတယ်။ နောက်ထပ်တိုးလာခဲ့ရင်လည်း ထားနိုင်ဖို့အတွက် နောက်ထပ်အစီအစဉ်တွေ ပြင်နေတာတွေလည်း ရှိပါတယ်” ဟု ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားခဲ့သည်။

လက်ရှိ ICU တွင် တက်ရောက်ကုသလျက်ရှိသော လူနာများနှင့်ပတ်သက်၍ ဒေါက်တာခင်ခင်ကြီးက “မနေ့ကအထိတော့ ICU ၁၇ ယောက်မှာ ဝေဘာဂီ ခုနစ်ယောက်ရယ် တောင်ဥက္ကလာ ရှစ်ယောက်ရယ် ဖောင်ကြီးနှစ်ယောက်ရယ်ရှိတာမှာ ဖောင်ကြီး နှစ်ယောက်ကတော့ ဆုံးသွားပြီ။ ဒီနေ့မနက် သတင်းမှာပါပါတယ်။ ဒီနေ့မှာတော့ ICU မှာ ၁၅ ယောက် ကျန်ပါတယ်။ နောက်ပြီး အောက်ဆီဂျင်ပေးရတဲ့သူ ၁၅ ယောက်လည်း ရှိပါတယ်။ ဝေဘာဂီ သုံးယောက်၊ စစ်တွေ တစ်ယောက်၊ ဖောင်ကြီး ၁၀ ယောက်၊ ကန်တော်နဒီ တစ်ယောက် ရှိပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် COIVD-19 ရောဂါဖြစ်ပွားမှုက ဆက်လက် အရှိန်မြင့်တက်လာနိုင်သည့် အရိပ်အယောင်များ ပြသနေရာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲမသွားစေရန်အတွက် ပိုမိုစနစ်ကျသည့် ပြင်ဆင်ထားရှိမှုများ လိုအပ်နေသည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၁၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

 

Most Read

Most Recent