ရခိုင်ပြည်နယ် ရွေးကောက်ပွဲအနေအထားသည် မှုန်ဝါးဝါးဖြစ်ပြီး မဲဆွယ်စည်းရုံးရေးကာလ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပြောရေးဆိုခွင့်ရှိသူပြောကြား

ရခိုင်ပြည်နယ် ရွေးကောက်ပွဲအနေအထားသည် မှုန်ဝါးဝါးဖြစ်ပြီး မဲဆွယ်စည်းရုံးရေးကာလ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပြောရေးဆိုခွင့်ရှိသူပြောကြား
တောင်ကုတ်မြို့သို့ရောက်ရှိနေသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာတင်မာအောင်နှင့် ALD ပါတီမှ တာဝန်ရှိသူများ ဆွေးနွေးမှုပြုလုပ်စဉ်
တောင်ကုတ်မြို့သို့ရောက်ရှိနေသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာတင်မာအောင်နှင့် ALD ပါတီမှ တာဝန်ရှိသူများ ဆွေးနွေးမှုပြုလုပ်စဉ်
Published 10 September 2020

ရခိုင်ပြည်နယ် ရွေးကောက်ပွဲအနေအထားက မှုန်ဝါးဝါးဖြစ်ပြီး မဲဆွယ်စည်းရုံးရေးကာလသည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်က ပြောကြားသည်။

လက်ရှိတွင် ပါတီအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးများကို စတင်လုပ်ဆောင်နေပြီဖြစ်ကာ တောင်ကုတ်မြို့နယ်အတွင်းမှ ဒေသခံများနှင့် တွေ့ဆုံမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ပါတီအနေဖြင့် တောင်ကုတ်မြို့နယ်မှ အမျိုးသားလွှတ်တော်နေရာ၊ ပြည်သူ့လွှတ်တော်နေရာနှင့် ပြည်နယ်လွှတ်တော်နှစ်နေရာတွင် လေးဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ရခိုင်ပြည်နယ် ရွေးကောက်ပွဲအနေအထားက မှုန်ဝါးဝါးပဲ။ ဘာမှပြတ်ပြတ်သားသားမရှိဘူး။ ဘယ်မြို့နယ်မှာဖြစ်မယ် မဖြစ်မယ်ဆိုတာ မပြတ်သားတဲ့အတွက် အခက်အခဲရှိတယ်။ မဲဆွယ်ကာလလည်း အရမ်းတိုတောင်းတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အခွင့်အရေးတန်းတူမရဘူးပေါ့။ ကျွန်တော်တို့ပါတီက ရခိုင်ဒေသကို အခြေစိုက်ထားတဲ့ပါတီဆိုတော့ ရခိုင်ဒေမှာပဲ စည်းရုံးလို့ရတယ်။ ကွာဟမှုတွေ အများကြီးရှိတယ်ပေါ့။ အခွင့်အရေး တန်းတူမရဘူးလို့ခံစားရတယ်။ မျှတမှုမရှိဘူးလို့ ကောက်ချက်ဆွဲရင်လည်း ရတယ်။ ရွေးကောက်ပွဲ မလုပ်ဘူးဆိုတဲ့နေရာတွေလည်း ရှိတယ်လို့ပြောပေမယ့် နေရာကို ပြတ်ပြတ်သားသားမပြောတဲ့အတွက် အဲဒီဒေသမှာ ကျွန်တော်တို့အားစိုက်ရင်လည်း အလားဟသဖြစ်သွားမယ်။ စမ်းတဝါးဝါးဖြေရတယ်ပေါ့။ ဒါကြောင့် အခက်အခဲကြားမှာ မဲပေးဖို့ မဲဆွယ်ရတာ ပြောရတာ ပြည်သူကိုအားနာတယ်။ အရမ်းအားနာတယ်။ မဲဆွယ်ဖို့ထက် ဒီအချိန်မှာ ပြည်သူတွေ အသက်ရှင်ရည်တည်ဖို့ကို ပြောချင်တယ်။ အဲဒါကြောင့် ပြည်သူကိုအားနားတယ်၊ အခက်အခဲအလွန်တရာမှ ဖြစ်နေတယ်” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ  ဦးဦးလှမြင့်က ပြောကြားသည်။

ALD ပါတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းနှင့် ကျောက်တော်မြို့တို့တွင် ကိုယ်စားလှယ် ၂၆ ဦးက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ မြောက်ပိုင်းဒေသတွင် ကျောက်တော်မြို့နယ်တစ်ခုသာပါဝင်ကြောင်းနှင့် တောင်ပိုင်းမြို့နယ်များကိုသာ အဓိက ရွေးချယ်ထားကြောင်းသိရသည်။

တောင်ကုတ်မြို့သို့ရောက်ရှိနေသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ တင်မာအောင် (ဝဲ)အား တွေ့ရစဉ်

“လက်ရှိမဲဆွယ်စည်းရုံးရေးကာလမှာ အဓိကစိန်ခေါ်မှုကတော့ COVID နဲ့ ပြည်တွင်းစစ်တွေဟာ အတားအဆီး စိန်ခေါ်မှုတွေဖြစ်တယ်။ ညှပ်ပြီးဖြစ်နေတယ်ဆိုတော့ ခက်ခဲတယ်။ ကျွန်တော်တို့ အင်အားကြီးစွာနဲ့ ဖွဲ့စည်းဖို့ အခက်အခဲရှိခဲ့တယ်။ ဒါကြောင့် ဝင်နို်င်တဲ့ အစီစဉ်ရှိတဲ့ မြို့နယ်တွေကို ရွေးလိုက်ရတာ ဖြစ်တယ်။ သူတို့အဆင်သင့်ဖြစ်မှ ဝင်ရတာပေါ့။ မြောက်ဦးခရိုင်မှာဆိုရင် ကျောက်တော်မြို့နယ် တစ်ခုတည်းဝင်နိုင်တယ်။ မြို့နယ် ခုနစ်ခုသာဝင်နို်င်တယ်။ ပါတီအနေနဲ့ ပြောချင်တာကတော့ ဒီလိုအခက်အခဲကြားမှာ ကျွန်တော်တို့ ရှင်သန်နိုင်အောင် ဘယ်လိုကြိုးစားကြမလဲ၊ ယိုင်လဲနေတဲ့စိတ်ဓာတ်တွေကို ခိုင်ခိုင်မာမာ ထားပြီးတော့ ကျွန်တော်တို့ဘဝ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားကြပါလို့သာပြောချင်တယ်။ နောက်ပြီး အကယ်၍ ကိုယ့်ရပ်ကိုယ့်ဒေသမှာ မဲပေးခွင့်ရမယ်။ မဲပေးဖို့အတွက်စဉ်းစားတယ်ဆိုရင် ရခိုင်နိုင်ငံရေးသမားစစ်စစ်တွေ ထူထောင်ထားတဲ့ ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါလို့၊ ဒါမှလည်း နိုင်ငံရေးအရ ဖြေရှင်းနို်င်တဲ့နည်းလမ်းတွေ ရောက်နိုင်မယ်လို့ ပြည်သူတွေကို တောင်းခံချင်ပါတယ်” ဟု ဦးဦးလှမြင့်က ပြောကြားသည်။

ALD ပါတီမှ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) နေရာအား ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာတင်မာအောင်သည် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ် အစိုးရတာဝန်မထမ်းဆောင်မီအထိ အနီးကပ်နေထိုင်ကာ လိုအပ်သည့်လုပ်ငန်းဆောင်တာများကို ကူညီလုပ်ကိုင်ပေးခဲ့သူဖြစ်သည်။

ALD ပါတီကို ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရခိုင်ပြည်သူလူထူဆန္ဒအရ ၂၀၁၅ အထွေထွေရွေး​ကောက်ပွဲ မတိုင်မီ ရခိုင်နှစ်ပါတီ ပေါင်းစည်းခဲ့သော်လည်း ပါတီတွင်း သဘောထားမတိုက်ဆိုင်မှုများကြောင့် ၂၀၁၇ ခုနှစ်တွင် ALD ပါတီကို ပြန်လည်တည်ထောင်ကာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

Most Read

Most Recent