၂၀၂၀ ရွေးကောက်ပွဲတွင်အနိုင်ရရှိပါက တနင်္သာရီမြို့နယ်ကို ပြီးခဲ့သည့် ၁၀ နှစ်အတွင်း နိုင်ငံတော်က ထောက်ပံ့ခဲ့သည်ထက် နှစ်ဆပို၍လုပ်ဆောင်ပေးမည်ဟု တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်း ကတိပြု

၂၀၂၀ ရွေးကောက်ပွဲတွင်အနိုင်ရရှိပါက တနင်္သာရီမြို့နယ်ကို ပြီးခဲ့သည့် ၁၀ နှစ်အတွင်း နိုင်ငံတော်က ထောက်ပံ့ခဲ့သည်ထက် နှစ်ဆပို၍လုပ်ဆောင်ပေးမည်ဟု တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်း ကတိပြု
Published 8 September 2020
ဇော်မိုးဦး (မြိတ်)

၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက တနင်္သာရီမြို့နယ်ကို ပြီးခဲ့သည့် ၁၀ နှစ်အတွင်း နိုင်ငံတော်က ထောက်ပံ့ခဲ့သည်ထက် နှစ်ဆပို၍ လုပ်ဆောင်ပေးမည်ဟု တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်း ကတိပြုပြောကြားသည်။

မြိတ်မြို့တွင် စက်တင်ဘာ ၈ ရက်က တနင်္သာရီမြို့နယ် လူထုလိုအပ်ချက်စစ်တမ်း မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်မများ လွှတ်တော်ထဲကို ရောက်သွားမယ်ဆိုရင် ကျွန်မ ပြတ်ပြတ်သားသား တောင်းဆိုမယ်။ ကျွန်မရဲ့ မဲဆွယ်ကတိထဲမှာ ဘာပါသလဲဆိုတော့ စစ်တမ်းရဲ့ တွေ့ရှိချက်ကို အခြေခံပြီးတော့ လူထုက တောင့်တနေတဲ့ မီး၊ ရေ၊ ဆေးပေးခန်း၊ ပညာရေးလိုအပ်ချက်တွေကို ပြီးခဲ့တဲ့သက်တမ်း ၁၀ နှစ်အတွင်းမှာ နိုင်ငံတော်က ထောက်ပံ့ပေးခဲ့တာထက် နှစ်ဆကို လာမယ့်ငါးနှစ်မှာ ကျွန်မနိုင်ခဲ့မယ်ဆိုရင် လုပ်ပေးမယ်လို့ ကတိပေးနိုင်ပါတယ်။ ဘာကြောင့် ဒီလိုကတိမျိုးလုပ်နိုင်တယ်ဆိုတော့ လူထုစစ်တမ်းက တွေ့ရှိချက်ကြောင့် ဖြစ်တယ်။ စစ်တမ်းရဲ့တွေ့ရှိချက်တွေကြောင့် လူထုလိုအပ်ချက် ဘယ်လောက်များပြားနေတယ်ဆိုတာ သိခဲ့ရတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်မှာ နိုင်ငံတော်ရဲ့ဆောင်ရွက်ပေးနိုင်ခဲ့တာဟာ မဆိုစလောက်သာ နည်းနည်းလေးပဲ ရှိခဲ့ တယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ကတိရဲရဲကြီး ပေးနိုင်တယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်မှာ နိုင်ငံတော်က ပံ့ပိုးပေးနိုင်ခဲ့တာထက် လာမယ့်ငါးနှစ်မှာ ကျွန်မသာ လွှတ်တော်ထဲကိုရောက်မယ်ဆိုရင် ဒီလိုအပ်ချက်တွေကို ပြီးခဲ့တဲ့ ၁၀ နှစ်က ဆောင်ရွက်နိုင်တာထက် နှစ်ဆလုပ်ပေးနိုင်မယ်ဆိုတာ မဲဆွယ်ကတိပေးပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) ၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒေါက်တာညိုညိုသင်းအနေဖြင့် တနင်္သာမြို့နယ် ပြည်သူများ၏ လူထုလိုအပ်ချက်ကိုသိရှိနိုင်ရန် ပညာရှင်များနှင့်တိုင်ပင်၍ တနင်္သာရီမြို့နယ် လူထုလိုအပ်ချက်စစ်တမ်းကို ကောက်ယူခဲ့ခြင်းဖြစ်သည်။

“ သုတေသနပညာတွေရဲ့ အကူအညီနဲ့ တနင်္သာရီမြို့နယ်လူထုစစ်တမ်းတစ်ခုကို သုံးပတ်ကြာအောင် လုပ်ခဲ့တယ်။ အဲဒီမှာ ကျွန်မတို့တွေ့ရှိရတာက လူထုက ဘာတွေလိုအပ်သလဲဆိုတာ သိခဲ့ရတယ်။ လူထုလိုအပ်တာက ပထမဆုံးအနေနဲ့ မီး (လျှပ်စစ်မီး) လိုအပ်တယ်။ ဒုတိယအနေနဲ့ ရေလိုအပ်တယ်။ တတိယအနေနဲ့ ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်းတွေ လိုကြတယ်လို့ ဖြေခဲ့တယ်။ ကျွန်မတို့အနေနဲ့ တနင်္သာရီဒေသဖွံ့ဖြိုးရေးကို ကြည့်လိုက်တဲ့အခါမှာ ဒီလောက်တောင်မှ ဖွံ့ဖြိုးမှုနိမ့်ကျနေမယ်လို့ မထင်ခဲ့ဘူး။ တကယ်တမ်းကြည့်လိုက်တဲ့အခါမှာ မထင်မှတ်လောက်အောင်ကို ဖွံ့ဖြိုးမှုနိမ့်ကျနေတာကို တွေ့လိုက်ရတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ နိုင်ငံတော်ရဲ့ဆောင်ရွက်ချက်က လူထုလိုအပ်ချက်ရဲ့ ၁၀ ပုံ တစ်ပုံတောင် ဖြည့်ဆည်းမပေးနိုင်တာ တွေ့လိုက်ရတယ်။ ဆေးရုံရှိတဲ့ နေရာတွေဆိုရင် သုံးရွာလောက်ပဲ ရှိတယ်။ ကျေးရွာအုပ်စု ၂၂  စု ရှိတယ်။ ကျေးရွာပေါင်းက ၂၀၀ ပတ်ဝန်းကျင်ရှိတဲ့ အဲဒီမှာ ဆေးရုံလို့ ပြောရလောက်အောင်က သုံးရွာလောက်ပဲဆိုတော့ ပြည်သူလိုအပ်ချက်က အတော်လေးများနေတယ်။ ပညာရေးလိုအပ်ချက်က ကျေးရွာတွေမှာ များသောအားဖြင့် မူလတန်းလောက်သာ သိကြတယ်။ အလယ်တန်းအဆင့်ကို သိကြတဲ့သူက အတော်ရှားတယ်။ အထက်တန်းအဆင့်ဆိုရင် အားလုံးသိကြတဲ့အတိုင်းပဲ။ ၁၅ ရာခိုင်နှုန်းလောက်ပဲ အောင်ကြတယ်။ ဒါကြောင့်မို့လို့ တနင်္သာရီမြို့နယ် လူထုလိုအပ်ချက်က အတော်လေးကို မြင့်မားနေတာ တွေ့ရတယ်။ ပညာရေးလိုအပ်ချက်၊ လျှပ်စစ် မီးလိုအပ်ချက်၊ ဆေးရုံဆေးခန်းလိုအပ်ချက်က အတော်လေးမြင့်မားနေတာ တွေ့ရတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ထို့ပြင် နိုင်ငံရေးသမားများအနေဖြင့် တိကျသည့် စစ်တမ်းတစ်ခုကောက်ယူ၍ လူထုလိုအပ်ချက်ကို ဖြည့်ဆည်းပေးသင့်ကြောင်း ဒေါက်တာညိုညိုသင်းက မှတ်ချက်ပြုသည်။

“ လူထုလိုအပ်ချက် စစ်တမ်းကောက်ပြီးရင် သက်ဆိုင်ရာ နိုင်ငံရေးပါတီအားလုံးကို မျှပေးမှာ ဖြစ်ပါတယ်။ ကျွန်မနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီအားလုံးကို ဖိတ်ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ထဲကို ဘယ်သူရောက်ရောက်၊ လွှတ်တော်ထဲကို ဘယ်နိုင်ငံရေးပါတီပဲရောက်ရောက် တနင်္သာရီမြို့နယ်လူထုရဲ့ လိုအပ်ချက်က ဘာတွေဖြစ်မလဲဆိုတာ သိစေချင်တယ်။ ပြီးတော့ အဲဒီလိုအပ်ချက်အတိုင်း အလုပ်လုပ်တာမျိုးကိုပဲ လိုတယ်။ ဘယ်သူပဲနိုင်နိုင်၊ ရွေးကောက်ပွဲနိုင်တဲ့သူက ပြည်သူလူထု လိုအပ်ချက်ကိုကိုင်စွဲပြီး လွှတ်တော်ထဲမှာ တစ်ဆင့်ပြီးတစ်ဆင့် အကောင်ထည်ဖော်သွားနို်င်ဖို့ လိုတယ်။

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၉) ၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ်  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး  ပိုင်ဆိုင်မှုများကို မဲဆန္ဒရှင်များအား ချပြမည်ဟု သြဂုတ် ၄ ရက်တွင် ဒေါက်တာညိုညိုသင်းက ပြောကြားထားသည်။

“ ကျွန်မအနေနဲ့ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်။ ပါဝင်ယှဉ်ပြိုင်ဖို့ဆိုတဲ့နေရာမှာ A Plan ၊ B Plan ၊ C Plan ချထားခဲ့တယ်။ ဒီနေ့ ကြေညာချင်တာကတော့ ကျွန်မအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပါမယ်။ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်မှာ ဖြစ်ပါမယ်။ ဘယ်ကနေဝင်မလဲဆိုရင် တနင်္သာရီတိုင်းကနေ ဝင်မှာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၉) ကနေ ဝင်ပြီးတော့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်တဲ့အခါ ပြည်သူလူထုကို ကျွန်မပေးနိုင်တဲ့ ကတိက ပထမအနေနဲ့ကတော့ ကျွန်မရဲ့ပိုင်ဆိုင်မှုစာရင်းကို မဲပေးမယ့် ပြည်သူလူထုထံကို တိုက်ရိုက်တင်ပြပြီး မဲတောင်းခံသွားမှာ ဖြစ်ပါတယ်” ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ထို့ပြင် ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်သည် တနင်္သာရီတိုင်းတွင် ဒုတိယအဆင်းရဲဆုံး မဲဆန္ဒနယ်ဖြစ်ပြီး ယင်းမဲဆန္ဒနယ်အား ရွေးချယ်ရခြင်းသည် ထိုဒေသတွင် နိုင်ငံရေးအရ နိုးကြားမှုရှိစေချင်၍ဖြစ်ကြောင်း  ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“ တစ်တိုင်းပြည်လုံးမှာ အထူးသဖြင့် နယ်တွေမှာ ပြည်သူလူထုက အနီသိတယ်။ အစိမ်းသိတယ်။ ဒီနှစ်ခုပဲ သိတယ်။ သူတို့မှာ ရွေးချယ်ခွင့်မရှိဘူးလို့ ယူဆထားကြတယ်။ ကျွန်မက ဒီလိုပြည်သူလူထုကို သတင်းစကား ပေးချင်တယ်။ ပြည်သူလူထုမှာ ရွေးချယ်ခွင့် ရှိပါတယ်။ အနီလည်းမဟုတ်တဲ့ အစိမ်းလည်း မဟုတ်တဲ့ သန့်ရှင်းတဲ့ နိုင်ရေးသမားတွေကို ရွေးချယ်ခွင့်ရှိနေတယ်။ ဖြောင့်မတ်တဲ့ နိုင်ငံရေးသမားတွေကို ပြည်သူလူထု ရွေးချယ်ခွင့် ရှိနေတယ်။ မိမိနဲ့ တစ်သားတည်းရပ်မယ့် နိုင်ငံရေးသမားတွေကို ရွေးချယ်ခွင့်ရှိနေတယ်ဆိုတာကို သတင်းစကားပေးလိုတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ယင်းပြင် ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ၎င်းရရှိမည့် လစာငွေ၏ ထက်ဝက်ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လစဉ်ပြန်လည်လှူဒါန်းပေးကာ သုံးစွဲမည်ဖြစ်ကြောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

ဒေါက်တာညိုညိုသင်းသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှနေ၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဗဟန်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ် သက်တမ်းအတွင်း ပါတီမှနုတ်ထွက်ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ပယ်ချခံခဲ့ရပြီးနောက် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။

Most Read

Most Recent