၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လွတ်လပ်၍ သန့်ရှင်းပြီး တရားမျှတစွာ ကျင်းပကြရန် CNF တိုက်တွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လွတ်လပ်၍ သန့်ရှင်းပြီး တရားမျှတစွာ ကျင်းပကြရန် CNF တိုက်တွန်း
Published 7 September 2020

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လွတ်လပ်၍ သန့်ရှင်းပြီး တရားမျှတစွာ ကျင်းပကြရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) က စက်တင်ဘာ ၇ ရက်တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို စက်တင်ဘာ ၇ ရက်တွင် CNF က ထုတ်ပြန်ရာတွင် ထိုသို့ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ တတိယအကြိမ် လွှတ်တော်သက်တမ်း အတွင်း နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုမည့် အစိုးရ ပေါ်ပေါက်ရေးအတွက် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား ကြိုဆိုကြောင်း CNF က သတင်းထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းကြောင်းမှ ကြိုးပမ်းဆောင်ရွက်နေသည်နှင့်အညီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်လုပ်ဆောင်နေသည့် မည်သည့် နိုင်ငံရေးပါတီ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်နှင့်မဆို လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း CNF က သတင်းထုတ်ပြန်သည်။

ထို့ပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အချို့သော နိုင်ငံရေးပါတီများနှင့် ပုဂ္ဂိုလ်များသည် ချင်းအမျိုးသားတပ်ဦး၏ စာတမ်းများ၊ သဘောထားများကို ထပ်ဆင့်ကူးယူ ပြောဆိုရေးသားပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် လိုရာဆွဲ အသုံးချနေသည်ဟု ကြားသိရကြောင်း၊ ထို့ကြောင့် ချင်းအမျိုးသားတပ်ဦးမှ တရားဝင်ထုတ်ပြန်ထားသော စာတမ်းများ၊ သဘောထားများအား ခွင့်ပြုချက်မရှိဘဲ ၂၀၂၀ ရွေးကောက်ပွဲအတွက် ထပ်ဆင့်ကူးယူပြောဆိုရေးသားဖြန့်ချိ၍ အသုံးချခြင်း မပြုကြရန် အသိပေးကြောင်းလည်း CNF ၏ သတင်းထုတြ်ပန်ချက်တွင် ဖော်ပြခဲ့သည်။

လက်ရှိအချိန်သည် ကမ္ဘာ့ကပ်ရောဂါဖြစ်သော COVID-19 ရောဂါ ဖြစ်ပွားနေသည့်ကာလဖြစ်သည်နှင့်အညီ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ခံမည့် ပုဂ္ဂိုလ်မျာအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော COVID-19 ဆိုင်ရာ လမ်းညွှန်ချက်အတိုင်း တိတိကျကျ လိုက်နာကြရန် CNF က တိုက်တွန်းထားသည်။

ထို့ပြင် ချင်းအမျိုးသားတပ်ဦး၏ အခြေချနယ်မြေအတွင်း မဲဆွယ်စည်းရုံးရေး ပြုလုပ်မည်ဆိုပါက ချင်းအမျိုးသားတပ်ဦးထံ ကြိုတင်ခွင့်ပြုချက် ရယူခြင်းဖြင့် ချိတ်ဆက်ဆောင်ရွက်သွားကြရန်လည်း CNF က တိုက်တွန်းခဲ့သည်။

Most Read

Most Recent