ဇီဒန်းလိုဖြစ်လာလိမ့်မည်ဟု ဂျူဗင်တပ်စ်နည်းပြသစ် ပီယာလို ထင်ကြေးပေးခံရ

ဇီဒန်းလိုဖြစ်လာလိမ့်မည်ဟု ဂျူဗင်တပ်စ်နည်းပြသစ် ပီယာလို ထင်ကြေးပေးခံရ
Published 7 September 2020

ဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလိုသည် ရီးယဲလ်နည်းပြ ဇီဒန်းကဲ့သို့ ကစားသမားဘဝတွင်သာမက နည်းပြဘဝတွင်ပါ အောင်မြင်မှုများ ရရှိသူဖြစ်လာလိမ့်မည်ဟု အီတလီမီဒီယာများက သုံးသပ်နေကြသည်။

ပီယာလိုသည် ဂျူဗင်တပ်စ်ယူ-၂၃ နည်းပြအဖြစ် ခန့်အပ်ခံရပြီး ရက်သတ္တပတ် (၁)ပတ်ခန့်အကြာတွင် ဂျူဗင်တပ်စ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရခြင်း ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းနောက်ခံလူဟောင်း မွန်တဲရိုးကလည်း ပီယာလိုသည် အီတလီတွင် လူချစ်လူခင်ပေါများသူဖြစ်ပြီး ဘောလုံးညဏ်ရည်ထက်မြက်ကြောင်း ချီးကျူးခဲ့သည်။

မွန်တဲရိုးက ''သူ့ကို ဇီဒန်းနဲ့ ခိုင်းနှိုင်းချင်ပါတယ်။ သူတို့နှစ်ဦးစလုံးက စကားသိပ်မပြောဘဲ အလုပ်နဲ့သက်သေပြနိုင်သူတွေပါပဲ။ လက်ရှိဂျူဗင်တပ်စ် အသင်းကစားသမားအများစုက ပီယာလိုကို လေးစားသူတွေဖြစ်ပြီး ပီယာလိုရဲ့ပြောစကားကို နားထောင်ကြပါလိမ့်မယ်။ ဂျူဗင်တပ်စ်အတွက် ပီယာလို အောင်မြင်မှုတွေ ရယူပေးပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။ 

ဂျူဗင်တပ်စ်ဂန္ထဝင်တိုက်စစ်မှူး ဒယ်လ်ပီယာရိုကမူ ပီယာလိုမှာ ဇီဒန်းထက် သာလွန်မည့်သူဟု ပြီးခဲ့သည့်လအစောပိုင်းက ဟောကိန်းထုတ်ထားခဲ့သည်။

ပီယာလိုသည် ယခုလအတွင်း UEFA ပရိုလိုင်စင်စာမေးပွဲကို ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent