ဥရောပဘောလုံးပြိုင်ပွဲတွေက New Normal အတွက် အကောင်းဆုံးစံနမူနာလား

ဥရောပဘောလုံးပြိုင်ပွဲတွေက New Normal အတွက် အကောင်းဆုံးစံနမူနာလား
သြဂုတ် ၂၉ ရက်က ယှဉ်ပြိုင်ကစားသည့် ဘရိုက်တန်- ချယ်လ်ဆီး ခြေစမ်းပွဲတွင် ပရိသတ် ၂၅၀၀ ကို စမ်းသပ်ကြည့်ရှုခွင့်ပြုခဲ့စဉ် (Photo- GettyImages)
သြဂုတ် ၂၉ ရက်က ယှဉ်ပြိုင်ကစားသည့် ဘရိုက်တန်- ချယ်လ်ဆီး ခြေစမ်းပွဲတွင် ပရိသတ် ၂၅၀၀ ကို စမ်းသပ်ကြည့်ရှုခွင့်ပြုခဲ့စဉ် (Photo- GettyImages)
Published 6 September 2020
အောင်မင်းသန့်

COVID-19 ရောဂါရဲ့ နှိပ်စက်မှုဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ ဥရောပဘောလုံးပြိုင်ပွဲတွေကတော့ ကန့်လန့်ကာချ တစ်ခန်းရပ်နားပြီးလို့ ဘောလုံးရာသီသစ်တစ်ခုတောင် ပြန်စတင်တော့မှာပါ။ ဒီကပ်ရောဂါဆိုးကြီးကြောင့် ကလပ်အသင်းတွေရဲ့ စီးပွားရေးအခြေအနေအပါအဝင် ကဏ္ဍပေါင်းစုံမှာ ထိခိုက်နစ်နာမှုတွေ ရင်ဆိုင်ခဲ့ရသလို ပရိသတ်တွေအတွက်လည်း ရင်ခုန်စိတ်လှုပ်ရှား စရာကောင်းတဲ့ ကွင်းအတွင်း ကြည့်ရှုခွင့်ဆိုတဲ့ မဟာအခွင့်အရေးကြီးတစ်ရပ်ကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အားကစားပြိုင်ပွဲတွေနဲ့ ပရိသတ်ဆိုတာ ခွဲခြားထားလို့မရအောင် တစ်သားတည်းကျတဲ့အရာဖြစ်ပြီး ပရိသတ်အားပေးမှုမရှိတဲ့ အားကစားနည်းကလည်း လူသိများထင်ရှားခြင်း မရှိပါဘူး။ ဘောလုံးကတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေ သည်းသည်းလှုပ် အားပေးကြတာကြောင့် နိုင်ငံအသီးသီးရဲ့ အမျိုးသားအားကစားလို့ ဆိုရင်တောင် လွန်မယ်မထင်ပါဘူး။ ဒါပေမဲ့ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ မတ်လကစလို့ ဥရောပ အပါအဝင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အားကစားပြိုင်ပွဲများစွာကို သုံးလဝန်းကျင် ရပ်နားခဲ့ရပြီး ဇွန်လနောက်ပိုင်းမှ တဖြည်းဖြည်းချင်း အကန့်အသတ်နဲ့ ပြန်စခဲ့ရတာပါ။

COVID-19 ကာလအပြီး တစ်ကျော့ပြန် စတင်ချိန်မှာတော့ ပရိသတ်တွေရဲ့အခန်းကဏ္ဍ မှေးမှိန်သွားပါတယ်။ ဥရောပလိဂ်ပြိုင်ပွဲ အများစု ရာသီပြီးဆုံးတဲ့အထိ ကျင်းပနိုင်ခဲ့ပြီး ချန်ပီယံအသင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ပရိသတ်တွေကတော့ သူတို့အားပေးတဲ့အသင်းတွေရဲ့ ချိုမြိန်တဲ့ အောင်ပွဲတွေမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ ထောင်သောင်းချီတဲ့လူ ပင်လယ်ကြီးရဲ့အလယ်မှာ အမိုးဖွင့် ဘတ်စ်ကားကြီးတွေနဲ့ မြို့တွင်း လှည့်လည်အောင်ပွဲခံကြတဲ့ ပုံရိပ်တွေကလည်း အိပ်မက်တစ်ခုလို ဖြစ်သွားပါတယ်။ တားမြစ်ချက်တွေကြားက လမ်းပေါ်ထွက်အောင်ပွဲခံသူတွေတော့ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ပွားလို့ ဖမ်းဆီးအပြစ်ပေးခံရသူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဥရောပထိပ်တန်းလိဂ်တွေထဲမှာ ပြင်သစ်လီဂူးက အစောဆုံးအဖြစ် သြဂုတ်တတိပတ်ကတည်းက ပြန်စနေပြီး လာမယ့်စက်တင်ဘာ ၁၂ ရက်ဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲက ၂၀၂၀-၂၀၂၁ ဆိုတဲ့ ရာသီသစ်ကို စတင်ဖွင့်လှစ်တော့မှာပါ။

ပရီးမီးယားလိဂ်ပရိသတ်တွေ ဘယ်အချိန် ကွင်းထဲပြန်ဝင်ခွင့်ရမလဲ

ဒီမေးခွန်းက အင်္ဂလန်မှာရှိတဲ့ ပရိသတ်တွေအပြင် တစ်ကမ္ဘာလုံးက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပရိသတ်တွေလည်း သိချင်နေကြတဲ့ မေးခွန်းဖြစ်ပါလိမ့်မယ်။ ပရိသတ်မပါတဲ့ ဘောလုံးပွဲတွေကို ဖန်သားပြင်ကတစ်ဆင့် ကြည့်ရတာ ကွင်းထဲမှာ တကယ်ကန်နေရတဲ့ ကစားသမားတွေမပြောနဲ့ ကြည့်ရတဲ့သူတွေအဖို့တောင် တစ်ခုခုလိုနေတဲ့ ခံစားချက်မျိုး ရနေပါတယ်။ ဒီတော့ ရာသီသစ်စတင်ချိန်မှာ ပရိသတ်တွေ ကွင်းထဲ ပြန်ဝင်ခွင့်ရရေးကလည်း အရေးပါတဲ့ ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါတယ်။ COVID-19 ရဲ့ ခြိမ်းခြောက်မှုက ရှိနေသေးလို့ အခုချိန်အထိ တရားဝင် မဆုံးဖြတ်ရသေးပေမဲ့ အောက်တိုဘာလောက်ဆိုရင်တော့ ပရိသတ်တွေ ကွင်းထဲ ပြန်ဝင်ကြည့်ခွင့်ရမယ့် မျှော်လင့်ချက်ရောင်ခြည်ကတော့ သန်းနေပါပြီ။

ပြီးခဲ့တဲ့တစ်ပတ် စနေနေ့က ဘရိုက်တန်နဲ့ ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ ခြေစမ်းပွဲမှာ ပရိသတ် ၂၅၀၀ ကို ကွင်းထဲ ဝင်ကြည့်ခွင့်ပေးခဲ့ပြီး ဒါက မတ်လနောက်ပိုင်း အင်္ဂလန်မှာ ပရိသတ်တွေ ပြန်ကြည့်ခွင့်ရတဲ့ ပထမဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်။ ဗြိတိန်အစိုးရကလည်း တင်းကျပ်ထားတဲ့ စည်းမျဉ်းတွေကို ဖြေလျှော့မှုလုပ်ပေးနေပြီး အားကစားပြိုင်ပွဲတွေမှာ လူစုလူဝေးနဲ့ ကြည့်ရှုခွင့်ပြုမယ့် စမ်းသပ်မှုတွေဟာ ရှေ့ပြေးအစီအစဉ်တွေ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဘောလုံးပွဲတွေမှာ ပရိသတ်တွေ ပြန်ကြည့်ခွင့်ရဖို့ အခြေအနေကောင်းနေပြီး အောက်တိုဘာလထဲမှာ ဖြစ်နိုင်ခြေရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြတာပါ။ ဒီလိုကြည့်ရှုခွင့်ပြုရာမှာ ကွင်းလုံးပြည့်မဟုတ်သေးဘဲ အရေအတွက် အကန့်အသတ်နဲ့ ခွင့်ပြုသွားမှာဖြစ်ပြီး Social Distancing ပုံစံအတိုင်း နေရာခွဲထားတာ၊ အဝင်အထွက်နေရာတွေမှာ တစ်လမ်းသွား ပုံစံကန့်သတ်တာ၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စိုးရိမ်ရတဲ့အတွက် အော်ဟစ်အားပေးခြင်းကို တားမြစ်တာ စတဲ့စည်းကမ်းတွေအတိုင်း ကျင့်သုံးသွားဖို့ ရှိပါတယ်။

လန်ဒန်ကလပ် အာဆင်နယ်အသင်းကတော့ အောက်တိုဘာ ၃ ရက်မှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ကစားရမယ့်ပွဲကို ပရိသတ်တွေ ကြည့်ရှုခွင့်ရဖို့ မျှော်မှန်းထားကြောင်း ထုတ်ပြန်ထားပါတယ်။ “အောက်တိုဘာ ၃ ရက် စနေနေ့ကစားမယ့် ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ အီမရိတ်စ်ကွင်းအတွင်း အရေအတွက်လျှော့ချပြီးတော့ ပရိသတ်တွေ ပြန်ကြည့်ရှုခွင့်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အီမရိတ်စ်ကွင်းဆီ ပရိသတ်တွေ ပြန်လာတဲ့အခါ အားလုံးကို ကာကွယ်နိုင်ဖို့အတွက် ပိုမိုတင်းကျပ်တဲ့အစီအစဉ်တွေ လုပ်ဆောင်သွားမှာပါ။ အားလုံးရဲ့ကျန်းမာရေး၊ ဘေးကင်းမှုနဲ့ လုံခြုံရေးက ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးကိစ္စဆိုတာ သေချာပါတယ်” လို့ အာဆင်နယ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းကလည်း ပရိသတ် ၆၂,၃၀၀ ကျော် ဝင်ဆံ့တဲ့ တော့တင်ဟမ်ဟော့စပါးကွင်းရဲ့ ထက်ဝက် ပမာဏ ၃၁,၀၀၀ ကို ဝင်ရောက်ကြည့်ရှုခွင့်ပြုဖို့ ကြာသပတေးနေ့က ပရီးမီးယားလိဂ်ရှယ်ယာရှင်များ အစည်းအဝေးမှာ အဆိုပြုတင်ပြခဲ့ပါတယ်။ ပရိသတ်ဝင်ဆံ့တဲ့အရေအတွက်ရဲ့ ထက်ဝက်ပမာဏက Social Distancing စည်းမျဉ်းနဲ့မကိုက်ညီပေမဲ့ ဘေးကင်းလုံခြုံစွာ ကြည့်ရှုနိုင်မယ်လို့လည်း စပါးအသင်းဥက္ကဋ္ဌ ဒန်နီယဲလ်လီဗီက ယုံကြည်နေပါတယ်။ ဗြိတိန်အစိုးရက အောက်တိုဘာ ၁ ရက်ကစပြီး ပရိသတ်တွေ ကြည့်ရှုဖို့ ခွင့်ပြုပေးနိုင်တဲ့အလားအလာရှိနေပေမဲ့ စပါးအသင်းကတော့ တတ်နိုင်သမျှ ခပ်စောစောစမ်းသပ်ခွင့်ရဖို့ ကြိုးပမ်းနေတာပါ။ ဒါ့အပြင် ပရိသတ်တွေကို ပြန်ကြည့်ရှုခွင့်ပေးတဲ့အခါ သိပ္ပံနဲ့ နည်းပညာ အကူအညီဖြစ်တဲ့ ဒစ်ဂျစ်တယ်ကျန်းမာရေးလက်မှတ်နဲ့ စမတ်ဖုန်း App တွေ အသုံးပြုနိုင်ဖို့အတွက် အစိုးရဆီက ကူညီထောက်ပံ့မှုရဖို့လည်း စပါးအသင်းဥက္ကဋ္ဌ လီဗီက မျှော်မှန်းထားပါတယ်။

အစောဆုံးဖျက်သိမ်းပေမဲ့ ပရိသတ်တွေ အစောဆုံးပြန်ကြည့်ခွင့်ရတဲ့ ပြင်သစ်လီဂူး

 ပြင်သစ်လီဂူးက ဥရောပထိပ်တန်းလိဂ်တွေထဲမှာ ရာသီဖျက်သိမ်းဖို့ အစောဆုံး ဆုံးဖြတ်ခဲ့တာပါ။ လီဂူး -၁ နဲ့ လီဂူး-၂ ပြိုင်ပွဲနှစ်ခုစလုံး ရာသီပြီးဆုံးဖို့ လက်ကျန် ၁၀ ပွဲစီလိုသေးပေမဲ့ ဆက်မကစားဘဲ ဖျက်သိမ်းဖို့ ဧပြီ ၃၀ ရက်ကတည်းက ဆုံးဖြတ်ခဲ့တာကြောင့် တန်းဆင်းဇုန်၊ ချန်ပီယံလိဂ်ဝင်ခွင့်၊ ယူရိုပါလိဂ်ဝင်ခွင့်နဲ့ တန်းတက်ခွင့် မျှော်လင့်ချက်ရှိနေတဲ့ အသင်းတွေ နစ်နာခဲ့ရပြီး ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားတဲ့အသင်းတွေတောင် ရှိခဲ့ပါတယ်။ ပြင်သစ်လိဂ်က ဆုံးဖြတ်ချက်ချတာ စောလွန်းတယ်လို့ ဆိုရမှာဖြစ်ပြီး ကျန်တဲ့ဥရောပထိပ်သီးလိဂ် လေးခုစလုံး လက်ကျန်ရာသီပွဲစဉ် ပြီးဆုံးတဲ့အထိ ကျင်းပနိုင်ခဲ့သလို ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကိုလည်း ‘Finals 8’ ပုံစံသစ်နဲ့ သြဂုတ်လထဲမှာ ကျင်းပခဲ့ပါတယ်။

လီဂူးပြိုင်ပွဲကို မတ်လကတည်းက ရပ်နားခဲ့တာကြောင့် ပြန်လည်စတင်ရာမှာလည်း အစောဆုံးအဖြစ် သြဂုတ် ၂၁ ရက်ကတည်းက ရာသီသစ် စတင်ကျင်းပခဲ့တာပါ။ ပြင်သစ်လိဂ ်တာဝန်ရှိသူတွေက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မြန်မြန်ဆန်ဆန်ရှိတဲ့အတိုင်း ဘောလုံးပွဲတွေမှာ ပရိသတ်တွေ ပြန်ကြည့်ခွင့်ပေးဖို့လည်း အရင်ဆုံး ဆုံးဖြတ်ခဲ့တာပါ။ ရာသီသစ်မစခင် ပြီးခဲ့တဲ့ရာသီအတွက် လက်ကျန်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲနှစ်ပွဲဖြစ်တဲ့ ပြင်သစ်ဖလားနဲ့ ပြင်သစ်လိဂ်ဖလားပြိုင်ပွဲတွေမှာ ပရိသတ် ၅၀၀၀ နှုန်း ဝင်ရောက်ကြည့်ရှုခွင့်ပြုခဲ့သလို ရာသီသစ်ပွဲစဉ်တွေမှာလည်း ပရိသတ် ၅၀၀၀ စီ ပါဝင်ကြည့်ရှုခွင့်ရနေပါပြီ။

ပရိသတ်တွေနဲ့အတူ စတင်မယ့် ဘွန်ဒစ်လီဂါ

ဘွန်ဒစ်လီဂါပြိုင်ပွဲက Lockdown ကာလအပြီး ဘောလုံးပြိုင်ပွဲတွေ တစ်ကျော့ပြန်စတင်ရာမှာ ထိပ်ဆုံးကနေ သတ္တိရှိရှိဦးဆောင်ခဲ့တဲ့လိဂ်ပါ။ ရာသီသစ်စတင်ချိန်မှာလည်း ဘွန်ဒစ်လီဂါရော ဘွန်ဒစ်လီဂါ-၂ ကလပ်အသင်းအားလုံးက ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုခွင့်ပေးဖို့ အသင့်ပြင်ဆင်ထားတယ်လို့ ဂျာမန်ဘောလုံးလိဂ် (DFL) အမှုဆောင်ချုပ် ခရစ္စတီယန်ဇိုင်ဖတ်က အတည်ပြုထားပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တဲ့ လိုက်ပ်ဇစ်အသင်းကလည်း အိမ်ကွင်းပွဲတွေမှာ ပရိသတ် ၈၅၀၀ ဝင်ရောက်ကြည့်ရှုခွင့်ပြုဖို့ ဒေသခံကျန်းမာရေးအာဏာပိုင်တွေနဲ့ သဘောတူညီမှု ရထားပါပြီ။ ဒါက ပရိသတ် ၄၃,၀၀၀ နီးပါးဝင်ဆံ့တဲ့ လိုက်ပ်ဇစ်အသင်း အိမ်ကွင်းရဲ့ ရာခိုင်နှုန်း ၂၀ ကြည့်ရှုခွင့်ရမယ့် အခြေအနေပါပဲ။ ပရိသတ်တွေ ပြန်ကြည့်ခွင့်ပေးမယ့် အစီအစဉ်ကို ဂျာမနီကျန်းမာရေးဝန်ကြီး ယန်းစ်ဖန်က ကန့်ကွက်ထားပေမဲ့ လိဂ်ပြိုင်ပွဲနဲ့ ကလပ်အသင်းတွေဘက်ကတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါပြီ။ ပွဲလာကြည့်မယ့် ပရိသတ်တွေအနေနဲ့ အရက်သေစာသောက်စားခွင့် ရမှာမဟုတ်သလို အောက်တိုဘာလကုန်အထိ မတ်တတ်ရပ်ပွဲကြည့်စင်တွေမှာ ကြည့်ရှုခွင့်မပြုတာ၊ လာရောက်တဲ့ ပရိသတ်အားလုံးရဲ့ ထိတွေ့မှု အချက်အလက်တွေ ကောက်ယူတာမျိုး ပြုလုပ်သွားမှာဖြစ်ပြီး အဝေးကွင်းပရိသတ်တွေကတော့ နှစ်ကုန်ပိုင်းအထိ ကြည့်ရှုခွင့်ရဦးမှာ မဟုတ်ပါဘူး။

စီးရီးအေနဲ့ လာလီဂါပြိုင်ပွဲရဲ့ အခြေအနေကတော့ စောင့်ကြည့်နေဆဲဖြစ်ပြီး တိကျတဲ့အဖြေထွက် မလာသေးပါဘူး။ အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက Social Distancing ပုံစံအတိုင်းကြည့်ရှုဖို့ လိုက်နာရင် စက်တင်ဘာမှာ ပရိသတ်တွေ ကြည့်ရှုခွင့်ရနိုင်တယ်လို့ ပြောကြားထားပါတယ်။ လာလီဂါ ပြိုင်ပွဲကတော့ ဒီနှစ်ကုန်ပိုင်းအထိ ပရိသတ်တွေကို ကြည့်ရှုခွင့်ပြန်ပေးဖို့ မသေချာသေးပါဘူး။

COVID-19 က ကြောက်စရာမဟုတ်တော့ဘူးလား

COVID-19 ရောဂါက စက်တင်ဘာ ၅ ရက်အထိ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ကူးစက်ခံရသူ အရေအတွက် ၂၆ ဒသမ ၉၂ သန်းနဲ့ သေဆုံးသူ ၈၈၀,၀၀၀ ကျော်ရှိပြီး လူသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေဆဲပါပဲ။ အချိန်ကြာလာတာနဲ့အမျှ ရောဂါစစ်ဆေးနိုင်တဲ့ ပမာဏမြင့်တက်လာတာကြောင့် ရောဂါကူးစက်ခံရသူအရေအတွက်က နေ့စဉ်နီးပါးမြင့်တက်နေပေမဲ့ သေဆုံးမှုနှုန်းကတော့ တဖြည်းဖြည်းချင်း လျော့ကျလာနေပါပြီ။ ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပမယ့် ဗြိတိန်မှာဆိုရင်လည်း ရောဂါကူးစက်ခံရသူ အရေအတွက်က နေ့စဉ်ထောင်ဂဏန်းအထိ ရှိနေသေးပေမဲ့ သေဆုံးမှုကတော့ သိသိသာသာကျဆင်းသွားပြီး ပြီးခဲ့တဲ့ သြဂုတ် ၃၀ နဲ့ ၃၁ ရက်မှာ သေဆုံးသူ တစ်ဦးမှမရှိခဲ့ပါဘူး။ ဘောလုံးလောကမှာလည်း နွေရာသီအားလပ်ရက်ခရီးစဉ်တွေကနေ ပြန်ရောက်လာကြတဲ့ ကစားသမားတွေဆီမှာ Positive ရလဒ်တွေ ဆက်တိုက်တွေ့နေရပါတယ်။ ဒီအထဲမှာ မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာ၊ PSG အသင်းက နေမာ၊ ဒီမာရီယာ၊ ပါရေဒက်စ်၊ မာကွင်ဟို့စ်၊ အီကာဒီ၊ နာဗတ်စ်၊ အက်သလက်တီကိုအသင်းက ဒီယေဂိုကော်စတာ၊ ချယ်လ်ဆီးအသင်းက အေဘရာဟမ်၊ မေဆန်မောင့်၊ ပူလီဆစ်၊ တိုမိုရီ၊ ဝုလ်ဗ်အသင်းက အဒါမာထရာအိုရေးတို့လည်း အပါအဝင်ပါပဲ။ ဒါပေမဲ့ တစ်ဦးတစ်ယောက်မှ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ အခြေအနေမဆိုးရွားဘဲ ရက်ပိုင်းလောက် Quarantine နေပြီးတာနဲ့ ဘောလုံးကွင်းတွေဆီ ပြန်လာရောက်ကြတာပါပဲ။ ဒီရောဂါက ဂရုမပြုမိတဲ့အချိန်မှာ အချိန်မရွေး ကိုယ့်ဆီရောက်လာနိုင်ပေမဲ့ အစိုးရိမ်လွန်နေမယ့်အစား လမ်းညွှန်ချက်တွေအတိုင်း စည်းကမ်းတကျ လိုက်နာနေထိုင်ဖို့ပဲ လိုအပ်ပါတယ်။ COVID-19 ဒုတိယလှိုင်း စတင်ခဲ့ရင် ဘောလုံးပွဲတွေ အချိန်မရွေးရပ်သွားရနိုင်တဲ့ စိုးရိမ်မှုတွေရှိနေဆဲဖြစ်ပေမဲ့ ဥရောပလိဂ်တွေကတော့ နည်းလမ်းမျိုးစုံနဲ့ ရှေ့ကိုချီတက်နိုင်ဖို့ ပြင်ဆင်ထားပါလိမ့်မယ်။ ဒါကြောင့် ဥရောပဘောလုံးပြိုင်ပွဲတွေက New Normal အခြေအနေအတွက် အကောင်းဆုံး ဥပမာတစ်ခုလို့ ဆိုရမှာပါ။

Most Read

Most Recent