၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို စက်တင်ဘာ ၈ ရက်မှစတင်ကာ ပြုလုပ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာ

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို စက်တင်ဘာ ၈ ရက်မှစတင်ကာ ပြုလုပ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာ
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ၌ ဆန္ဒမဲပေးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ၌ ဆန္ဒမဲပေးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
Published 6 September 2020
ဉာဏ်လင်းထွန်း

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၆ ရက်က ထုတ်ပြန်ကြေညာသည်။

သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးက အတည်ပြုထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ကို ရက်ပေါင်း ၆၀ ကြာ ရရှိမည်ဟု ကော်မရှင်က ထုတ်ပြန်သည်။

ထိုသို့ မဲဆွယ်စည်းရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်အပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေအရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် (SOP) ၊ သက်ဆိုင်ရာက အချိန်ကာလ၊ နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ အမိန့်များ၊ လမ်းညွှန်ချက်များကို လိုက်နာရန် လိုအပ်ကြောင်း ကော်မရှင်ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် ကော်မရှင်ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) နှင့် အဆိုပါ ညွှန်ကြားချက်ကို ပြင်ဆင်သည့် ညွှန်ကြားချက်များ၊ ကော်မရှင်၏ ၂၆-၅-၂၀၂၀ ပါ ညွှန်ကြားချက်ကိုလည်း လိုက်နာရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

“ လွတ်လပ်၍ တရားမျှတပြီး အေးချမ်းတည်ငြိမ်သည့် ရွေးကောက်ပွဲများ ဖြစ်စေရေးအတွက်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု မရှိစေရန်အတွက်လည်းကောင်း ဖော်ပြပါ ညွှန်ကြားချက်၊ ကျင့်ဝတ်၊ လမ်းညွှန်ချက်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်က ဆိုသည်။

ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၁၊၂၀၁၄) သည် ရွေးကောက်ပွဲဆိုင်ရာ စုဝေးပြောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက်ဖြစ်ပြီး ယင်းအား ပြင်ဆင်သည့် ညွှန်ကြားချက်သည် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်မတိုင်မီ တစ်ရက်အလိုအထိ ရက်ပေါင်း ၆၀ ကြာ မဲဆွယ်စည်းရုံးခွင့်ရှိကြောင်း ညွှန်ကြားချက်ဖြစ်သည်။

ထို့အတူ ကော်မရှင်၏ ၂၆-၅-၂၀၂၀ ရက်စွဲပါ ညွှန်ကြားချက်သည် နိုင်ငံရေးပါတီများအနေဖြင့် ဘာသာရေး အဆောက်အအုံများတွင် အစည်းအဝေးကျင်းပပြုလုပ်ခွင့် မရှိကြောင်း ညွှန်ကြားချက်ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များ၊ ကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် (COC) ကိုလည်း နိုင်ငံရေးပါတီများ သဘောတူညီချက်ဖြင့် ပြင်ဆင်ထုတ်ပြန်ပြီးဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

Most Read

Most Recent