လက်ရှိဘဏ္ဍာနှစ် ၁၁ လခန့်တွင် ပြည်ပသို့ မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၄ သန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၇၄၀ ခန့်ရရှိထားပြီး တရုတ်နိုင်ငံသို့ ဆန်အများဆုံးနှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲအများဆုံးတင်ပို့ထား

လက်ရှိဘဏ္ဍာနှစ် ၁၁ လခန့်တွင် ပြည်ပသို့ မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၄ သန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၇၄၀ ခန့်ရရှိထားပြီး တရုတ်နိုင်ငံသို့ ဆန်အများဆုံးနှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲအများဆုံးတင်ပို့ထား
ပဲခူူးတိုင်းဒေသကြီး အနောက်ပိုင်းခရိုင်အတွင်းရှိ စပါးရိတ်သိမ်းနေသည့် လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ပဲခူူးတိုင်းဒေသကြီး အနောက်ပိုင်းခရိုင်အတွင်းရှိ စပါးရိတ်သိမ်းနေသည့် လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 5 September 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ၁၁ လခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၄ သန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၇၄၀ ခန့်ရရှိထားပြီး တရုတ်နိုင်ငံသို့ ဆန်အများဆုံးနှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲအများဆုံးတင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၂၁ ရက်အထိ ၁၁ လခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲစုစုပေါင်းတန်ချိန် ၂ ဒသမ ၄၂၈ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၇၃၈ ဒသမ ၃၂၉ သန်းရရှိထားသည်။

အဆိုပါကာလအတွင်း နိုင်ငံပေါင်း ၆၆ နိုင်ငံသို့ ဆန်တန်ချိန် ၁ ဒသမ ၅၂၅ သန်း တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၄၉၄ ဒသမ ၆၈၈ သန်း ရရှိထားပြီး တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ငါးသိန်းကျော်အထိ အများဆုံးတင်ပို့ထားခြင်း ဖြစ်သည်။

နိုင်ငံပေါင်း ၆၀ သို့ ဆန်ကွဲတန်ချိန် ကိုးသိန်းကျော်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂၄၃ ဒသမ ၆၆၁ သန်းရရှိထားပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် နှစ်သိန်းသုံးသောင်းကျော်အထိ အများဆုံးတင်ပို့ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ ပြည်ပသို့တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုလုံးမှ တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဆန်များရောင်းချပေးရန် တချို့နိုင်ငံများက ကမ်းလှမ်းမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကုန်ဆုံးချိန်၌ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းခွဲခန့်အထိ တင်ပို့နိုင်မည့်အခြေအနေရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ၂၀၂၀ စက်တင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်ပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် ရက် ၂၀ ကျော်သာ ကျန်ရှိတော့သည်။

ပြည်ပဝယ်လိုအားမြင့်တက်နေမှုကြောင့် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် လက်ရှိဘဏ္ဍာနှစ် လျာထားပမာဏတန်ချိန် ၂ ဒ သမ ၄ သန်းထက် ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

“ လက်ရှိအခြေအနေနဲ့ ရာသီဥတုလည်းကောင်းမယ်၊ ထွက်ရှိမှုလည်းကောင်းမယ်ဆိုရင်တော့ ဝယ်လိုအားတွေလည်း ကောင်းတဲ့အတွက် လာမယ့်ဘဏ္ဍာနှစ်မှာ ဆန်တင်ပို့နိုင်မှုက လက်ရှိနှစ်ထက် ကောင်းမယ်လို့ မျှော်မှန်းလို့ရပါတယ်” ဟု ဦးလူမော်မြင့်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင် ဆောင်ရွက်လျှက်ရှိကြောင်း၊ ထို့အပြင် တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက်လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်အမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည်  ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သဖြင့် ဆန်နှင့် ဆန်ကွဲတန်ချိန် သုံးသန်းကျော်အထိ တင်ပို့နိုင်ခဲ့သည်။

၂၀၂၀ ခုနှစ် ဇွန်လမှ စက်တင်ဘာလများအတွက် လိုင်စင်လျှောက်ထားရာတွင် ယခင်လများတွင် ခွင့်ပြုချက်ရရှိသည့် လိုင်စင်များအပေါ် ပြီးပြတ်အောင်တင်ပို့ပြီးဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ပို့ကုန်ကြေညာလွှာ (ED) ၊ ခွင့်ပြုလိုင်စင်ပမာဏအား အပြည်အဝတင်ပို့နိုင်ခြင်းမရှိဘဲ လိုင်စင်လက်ကျန် ကျန်ရှိပါက အမှန်တင်ပြင်ဆင်အပ်နှံသည့် အထောက်အထား၊ ဆန်နှင့် ဆန်ကွဲတင်ပို့ခွင့် ပို့ကုန်လိုင်စင် လျှောက်ထားသည့် ပမာဏအပေါ် နိုင်ငံတော်အရန် ဆန် ၁၀ ရာခိုင်နှုန်း ကြိုတင်ပေးသွင်းထားပြီးဖြစ်ကြောင်း အထောက်အထားများ ပါရှိရမည်ဖြစ်သည်။

Most Read

Most Recent