ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်မခံရ၍ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီဝင်လေးဦးကို ရခိုင်အမျိုးသားပါတီ (ANP) ထုတ်ပယ်

ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်မခံရ၍ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီဝင်လေးဦးကို ရခိုင်အမျိုးသားပါတီ (ANP) ထုတ်ပယ်
Published 5 September 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီဝင်လေးဦးကို ပါတီမှထုတ်ပယ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) က စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ပါတီဝင် လေးဦးသည် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရခြင်း မရှိသောကြောင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယင်းသည် ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းအချို့ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ANP ပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ ကျွန်တော်တို့ ပါတီစည်းမျဉ်းမှာက ပါတီတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ပြိုင်ဖို့အတွက် လျှောက်လွှာတင်တဲ့သူတွေက တကယ်လို့ ပါတီကကိုယ်စားလှယ်အဖြစ် အရွေးချယ်မခံရဘူးဆိုရင် တစ်သီးပုဂ္ဂလတို့ တစ်ခြားပါတီတို့ကိုပြောင်းပြီး ရွေးကောက်ပွဲ ဝင်ခွင့်မရှိဘူးဆိုတာကို စည်းမျဉ်းစည်းကမ်း ရှိတယ်” ဟု ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

လာမည့် ရွေးကောက်ပွဲကို တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သဖြင့် ပါတီမှ ထုတ်ပယ်ခံရသူများသည်  မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့မှ ပါတီထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်သည်။

မောင်တောမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ပါတီဒုတိယဥက္ကဋ္ဌ ဦးမောင်အုန်း၊ မြို့နယ်အလုပ်အမှုဆောင် ဦးကျော်ကျော်ဝင်းနှင့် ဘူးသီးတောင်မြို့နယ် ပါတီအတွင်းရေးမှူး ဦးမောင်ကျော်ဇံတို့ကို ANP ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ANP ပါတီမှ ထုတ်ပယ်ခဲ့သည့် ပါတီဝင် လေးဦးတွင် မောင်တောမြို့နယ် ပါတီဒုဥက္ကဋ္ဌ ဦးမောင်အုန်းမှာ လက်ရှိ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) မဲဆန္ဒနယ် ကိုယ်စားလှယ်ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ (ANP) သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာအေးမောင်၊ ဦးကျော်လွင်၊ ဦးခင်မောင်လတ်၊ ဦးအောင်သောင်းရွှေနှင့် ဒေါ်ထုမေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်အချို့ကိုမူ ပါတီမှ တရားဝင် နုတ်ထွက်ခွင့်မပြုသေးပေ။

ထို့ကြောင့် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ထဲမှ အချို့သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Most Read

Most Recent