ကယားပြည်နယ်ဝန်ကြီးချုပ်အား တာဝန်မှရပ်စဲခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရနှင့် လွှတ်တော်အကြား ဆက်ဆံရေးများအပေါ် မူတည်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

ကယားပြည်နယ်ဝန်ကြီးချုပ်အား တာဝန်မှရပ်စဲခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရနှင့် လွှတ်တော်အကြား ဆက်ဆံရေးများအပေါ် မူတည်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 5 September 2020
နေရိုင်း၊ ဇေယျာထွန်း

ကယားပြည်နယ်ဝန်ကြီးချုပ်အား ဦးအယ်လ်ဖောင်းရှိုအား တာဝန်မှရပ်စဲခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရနှင့် လွှတ်တော်အကြား ဆက်ဆံရေးများအပေါ် မူတည်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် စက်တင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို ဦးဇော်ဌေးက အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြလာသည့်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ မှန်မှန်ကန်ကန်ဖြစ်စေရန် ပြောဆိုကြပ်မတ်မှုများ ဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် ပြည်ထောင်စုအစိုးရ၊ သမ္မတရုံးနှင့် သက်ဆိုင်ရာလွှတ်တော်သို့ ရှင်းလင်းထားပြီး အဆိုပါကိစ္စရပ်သည် လတ်တလောဖြစ်ပွားသည့်ကိစ္စမဟုတ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ ဒီကိစ္စက ပုံမှန်အားဖြစ်ပြီးသွားပြီ သို့သော် ယခုဖြစ်တဲ့အကြောင်းအရာမှာ ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌ ပြောနေတာလည်း တွေ့တယ်။ ဝန်ကြီးချုပ် သူပြောနေတာတွေလည်း တွေ့တယ်။ ဒါတွေကရှင်းရှင်းပြောရရင် နိုင်ငံရေးအရ ဒီလိုပါဝင်ပတ်သက်မှုတွေတော့ ရှိကောင်းရှိနိုင်တယ်။ သို့သော် ဒါတွေကလည်း ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စဖြစ်တယ်။ နောက်တစ်ချက်က သက်ဆိုင်တဲ့ပြည်နယ်ရဲ့ အစိုးရနှင့် လွှတ်တော် ဒီကြားမှာဆက်ဆံရေးတွေပေါ်မှာလည်း မူတည်တယ်လို့ ကျွန်တော်တို့က ထင်တယ်။ ဒီကိစ္စတွေသည် နံပါတ်တစ်က ဖြစ်ခဲ့တယ်။ တချို့မှားယွင်းတဲ့ဆောင်ရွက်ချက်တွေ ပြန်ပြီးတည့်မတ်ပြီး ရှင်းထားတယ်လို့ ကျွန်တော်တို့သိရတယ်။ နံပါတ်နှစ်အချက်က အဲဒါပြီးခဲ့တဲ့ ကိစ္စတွေကို ယခုပြန်ပြီးလုပ်တဲ့ဟာမှာ သူ့ရဲ့ဖြစ်စဉ် ဖြစ်ပွားရခြင်း နောက်ကွယ်က အကြောင်းတရားတွေ ရှိပါလိမ့်မယ်။ ဒါတွေကတော့ ကျွန်တော်တို့ မပြောလိုဘူး။ အဲတော့ တတိယအချက်အနေနဲ့ ဒီနိုင်ငံတော်သမ္မတကြီး အစိုးရအနေနဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ရတဲ့သဘော ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်  သီးခြားရန်ပုံငွေ ထားရှိအသုံးပြုခဲ့သည့်ကိစ္စရပ်နှင့် ကယားဒေးကွင်းမြေနေရာကိစ္စနှင့် ပတ်သက်၍ ကယားပြည်နယ်လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံသဖြင့် စွပ်စွဲပြစ်တင်မှု အတည်ဖြစ်ခဲ့သည်။

“ ဒီအပေါ်မှာလည်း ကျွန်တော်တို့ သက်ဆိုင်တဲ့ကာယကံရှင်ကိုယ်တိုင်က တင်ပြလာတယ်။ ဒီဖြစ်စဉ်တွေကို သမ္မတရုံးကို တင်ပြလာတယ်။ တင်ပြလာတော့ သူ့ကို ကျွန်တော်တို့ ရာထူးက ရပ်နားခြင်းမပြုခင် သူ့ရဲ့တင်ပြချက်ကလည်း ဒီလွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကနေပြီးတော့ Interpret လုပ်ပေးဖို့ဆိုပြီးတော့ တင်ပြလာတာရှိတယ်။ အဲတာတွေလည်း ကျွန်တော်တို့ အခြေခံဥပဒေအရ လုပ်ထုံးလုပ်နည်းနဲ့အညီဘဲ သမ္မတရုံးအနေနဲ့ ဆောင်ရွက်ထားပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (င) ၊ ပုဒ်မခွဲခွဲကယ် (၂) ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဋ္ဌာန်းချက်များအရ ဝန်ကြီးချုပ်တာဝန်မှရပ်စဲကြောင်း နိုင်ငံတော်သမ္မတက စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent