COVID-19 ကာလတွင် ထောက်ပံ့ကူညီမှုများပေးခြင်းကို ပါတီကပေးသကဲ့သို့ မဲဆွယ်စည်းရုံးရေးပုံစံ လုပ်နေသည့်ကိစ္စများနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်က သတိပေးအရေးယူရန် တာဝန်ရှိကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ပြောကြား

COVID-19 ကာလတွင် ထောက်ပံ့ကူညီမှုများပေးခြင်းကို ပါတီကပေးသကဲ့သို့ မဲဆွယ်စည်းရုံးရေးပုံစံ လုပ်နေသည့်ကိစ္စများနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်က သတိပေးအရေးယူရန် တာဝန်ရှိကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ပြောကြား
စက်တင်ဘာ ၅ ရက်က ဗဟန်းမြို့နယ် ပြည်သူ့ပါတီရုံးဖွင့်ပွဲတွင် အမှာစကားပြောကြားနေသည့် ဦးကိုကိုကြီးအား တွေ့ရစဉ်
စက်တင်ဘာ ၅ ရက်က ဗဟန်းမြို့နယ် ပြည်သူ့ပါတီရုံးဖွင့်ပွဲတွင် အမှာစကားပြောကြားနေသည့် ဦးကိုကိုကြီးအား တွေ့ရစဉ်
Published 5 September 2020
စည်သူ

COVID-19 ကာလတွင် အထောက်အပံ့အကူအညီများ ပေးခြင်းကို ပါတီကပေး ကဲ့သို့ မဲဆွယ်စည်းရုံးရေး ပုံစံလုပ်နေသောကိစ္စများနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်က သတိပေးအရေးယူရန် တာဝန်ရှိကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဆရာစံမြောက်/ အရှေ့ရပ်ကွက် ဦးချစ်မောင်လမ်းနှင့် အရှေ့အာဇာနည်လမ်းထောင့်၌ စက်တင်ဘာ ၅ ရက်က ပြုလုပ်သော ပြည်သူ့ပါတီဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အခု COVID ကာလဖြစ်တော့ ပိုပြီးရှုပ်ထွေးတယ်။ ဥပမာအားဖြင့် COVID ကာလ အထောက်အပံ့တွေ အကူအညီတွေ ပေးတယ်။ အဲဒါ ပြည်သူ့ဘဏ္ဍာနဲ့ပေးတာ။ နိုင်ငံခြားချေးငွေဆိုတာလည်း ပြည်သူ့ဘဏ္ဍာနဲ့ ပြန်ဆပ်ရမှာ။ ဒါကိုပါတီက ပေးသလိုမျိုး မဲဆွယ်စည်းရုံးရေးပုံစံမျိုး လုပ်နေတဲ့ကိစ္စတွေဟာ ရွေးကောက်ပွဲ ကော်မရှင်က သတိပေးဖို့ အရေးယူဖို့ တာဝန်ရှိတယ်။ ဒါမျိုးတွေ မလုပ်ရင် ရွေးကောက်ပွဲကော်မရှင်ပေါ်မှာ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှု နိုင်ငံရေးပါတီတွေရဲ့ ယုံကြည်မှုက ကျဆင်းမှာပဲ ထိခိုက်မှာပဲ” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသော COVID ရောဂါနှင့်ပတ်သက်၍ ကန့်သတ်ချက်များကို လိုက်နာရမည်ဆိုပါက ၂၀၂၀ ရွေးကောက်ပွဲတွင် လက်တွေ့အခက်အခဲများ ကြုံရနိုင်ကြောင်း ၎င်းက ပြောကြားသည်။

ထို့ကြောင့် ယခုလတ်တလောအတွင်း ကျန်းမာရေးအရ ရောဂါပိုးပျံ့နှံမှုကို ထိန်းချုပ်နိုင်ရန်ကိစ္စသည် ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စဟု မြင်မိကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌက ပြောကြားသည်။

“ မြေပြင်ပေါ်မှာ လက်တွေ့ အခက်အခဲတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့် အခု Lockdown တွေ ဖြစ်လာတယ်။ နောက်တစ်ခုက ခရီးသွားရင် Q ဝင်ရမယ်တို့ ဘာတို့ ဖြစ်လာတယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုးမှာ ဒီအတိုင်းသာ ပျံ့နှံ့မယ်ဆိုရင် မဲရုံတွေမှာ မဲပေးတဲ့အချိန် မဲဆန္ဒရှင်တစ်ယောက်ကို ဘယ်နှစ်မိနစ်ဆိုတာ တိုင်းထားတာ ရှိတယ်။ မဲဆန္ဒနယ်မြေတစ်ခုမှာ မဲဆန္ဒရှင်အားလုံး မဲပေးဖို့အတွက် COVID ကာလကန့်သတ်ချက်တွေလည်း လိုက်နာရမယ်ဆိုရင် လက်တွေ့အခက်အခဲတွေ အများကြီး ကြုံရနိုင်တယ်။ ဒါကြောင့်မို့ ဒီအတောအတွင်းမှာ ကျန်းမာရေးအရ ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ဟာ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စလို့ မြင်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဋ္ဌာန်းချက်သည် လွှတ်တော်၏ သက်တမ်းကို ငါးနှစ် သတ်မှတ်ထားခြင်းကြောင့် ဖေဖော်ဝါရီ ၁ ​ရက်မတိုင်ခင် ရွေးကောက်ပွဲရလဒ် အတည်ပြုပြီး လွှတ်တော်ခေါ်ပြီးဖြစ်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့်  ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ၏သဘောထား အကြံဉာဏ်များကို ရယူရန် လိုအပ်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်၊ ညွှန်ကြားချက်များကို နီးနီးစပ်စပ် ညှိနှိုင်းဆောင်ရွက်ရန်လိုသည်ဟု မြင်မိကြောင်း ၎င်းက ပြောကြားသည်။

ပြည်သူ့ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၄၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ၎င်းတို့ ပါတီမှ တနင်္သာရီတိုင်းဒေသကြီး၊ ပလောတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးအား ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခြင်း ပြုလုပ်ခံရကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

Most Read

Most Recent