နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၅၃) ကြိမ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီးများအား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။
COVID-19 ကူးစက်ရောဂါကြောင့် နှစ်စဉ်ကျင်းပသည့် အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားကို ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိသော်လည်း ယခုVideo Conferencing စနစ်ဖြင့် တွေ့ဆုံမှုက အာဆီယံ၏ စည်းလုံးညီညွတ်ပြီး၊ အတူတကွပေါင်းစည်းသည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်စေခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အာဆီယံသံအမတ်ကြီးများသည် COVID-19 ကူးစက်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ အတွေ့အကြုံများနှင့် အလေ့အထကောင်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ပြည်သူတစ်ဦးချင်းအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာရန် အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
COVID-19 ကူးစက်ရောဂါကြောင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့်ကာလတွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို စံနမူနာပြုထိုက်စွာ ထမ်းဆောင်သည့် ဗီယက်နမ်နိုင်ငံ၏ အခန်းကဏ္ဍကို ချီးကျူးဂုဏ်ပြုကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကို စုပေါင်းတုံ့ပြန်ရာတွင် COVID-19 ကူးစက်ရောဂါတုံ့ပြန်ရေးတွင် ကုန်စည်များစီးဆင်းနိုင်မှု ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဟနွိုင်းလုပ်ငန်းစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
မြန်မာအစိုးရအနေဖြင့် ကူးစက်ရောဂါကို အချိန်မီတုံ့ပြန်ဆောင်ရွက်ပြီး အခြေအနေကို ပြည်သူများထံသို့ အချိန်နှင့်တပြေးညီ အသိပေးလျက်ရှိသကဲ့သို့ လက်ရှိအခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ခုနစ်မြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ငါးမြို့နယ်တို့တွင် Stay at Home အစီအစဉ်များကို ချမှတ်ခဲ့ကြောင်း၊ နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်မှုကို ကန့်သတ်ခြင်းနှင့် ပြည်ဝင်ဗီဇာထုတ်ပေးမှု ယာယီကန့်သတ်ထားရှိခြင်းတို့ကို စက်တင်ဘာလကုန်ပိုင်းအထိ တိုးမြှင့်ထားကြောင်း၊ အစိုးရအနေဖြင့် မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေရေးမူကို ကျင့်သုံးလျက် IDP များ၊ မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်သည့် လူ့အဖွဲ့အစည်းများအတွက် အဓိကရည်ရွယ်သည့် လုပ်ငန်းစဉ်တစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
ထို့နောက် အာဆီယံသံအမတ်ကြီးများက ၎င်းတို့၏ နိုင်ငံရှိ COVID-19 ကူးစက်ရောဂါဆိုင်ရာ နောက်ဆုံးအခြေအနေများနနှင့် ကူးစက်ရောဂါ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ၎င်းတို့အစိုးရအသီးသီး၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလတွင် စားနပ်ရိက္ခာ၊ ဆေးဝါးများနှင့် အရေးပေါ်သုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်စေရန် လိုအပ်ကြောင်း၊ COVID-19 ကူးစက်ရောဂါကို တုံ့ပြန်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ကျေနပ်အားရကြောင်း၊ COVID-19 အလွန်ကာလကို COVID-19 မတိုင်မီကာလထက် သာလွန်ကောင်းမွန်စေရေးအတွက် အတူတကွဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။