NLD ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ လုံခြုံရေးကဏ္ဍနှင့် အခြားပါတီများ၏ တပ်မတော်နှင့် ပတ်သက်သည့် မူဝါဒများကို လေ့လာရာတွင် ကောင်းသည့်အချက်များသာပါသည်ဟု မြင်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား

NLD ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ လုံခြုံရေးကဏ္ဍနှင့် အခြားပါတီများ၏ တပ်မတော်နှင့် ပတ်သက်သည့် မူဝါဒများကို လေ့လာရာတွင် ကောင်းသည့်အချက်များသာပါသည်ဟု မြင်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား
 စက်တင်ဘာ ၄ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား တွေ့ရစဉ်
စက်တင်ဘာ ၄ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား တွေ့ရစဉ်
Published 4 September 2020
အောင်မင်းသိန်း

NLD ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ လုံခြုံရေးကဏ္ဍနှင့် အခြားသောပါတီများ၏ တပ်မတော်နှင့်ပတ်သက်သည့် မူဝါဒများကို လေ့လာကြည့်ရာတွင် မကောင်းသည့်အချက်များမပါဘဲ ကောင်းသည့်အချက်များသာပါသည်ဟုမြင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

စက်တင်ဘာ ၄ ရက်က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အာဏာရပါတီ NLD ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်များနှင့်ပတ်သက်၍ သတင်းထောက် တစ်ဦး၏မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲ ကြေညာစာတမ်းနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ ဖတ်ရပါတယ်။ ဖတ်ရတဲ့အခါမှာ အဓိကကတော့ လုံခြုံရေးဆိုင်ရာကဏ္ဍတွေမှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ရေးထားတာဖြစ်တယ်။ ဒါကတော့ ပါတီတစ်ခုရဲ့ မူဝါဒပဲဖြစ်တယ်။ ဒီလိုပါပဲ ကျန်တဲ့ပါတီတွေမှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကျွန်တော်တို့ ၃၄ ပါတီတွေ့ဆုံတဲ့အခါမှာလည်း တချို့ပါတီတွေက တပ်မတော်နဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့မူဝါဒတွေကို ပြောခဲ့တာရှိပါတယ်။ ဘယ်လိုပဲပြောပြော ဒါတွေက ပါတီရဲ့ မူဝါဒတွေဖြစ်တယ်။ ဒီမူဝါဒတွေကိုပေါ့၊ ဒီ NLD ရဲ့ မူဝါဒတင်မကဘူး။ ကျန်တဲ့ပါတီတွေရဲ့ မူဝါဒတွေကို ကျွန်တော်တို့ လေ့လာတဲ့အခါမှာလည်း သူ့ရဲ့ ရည်မှန်းချက်ပေါ့။ ရည်မှန်းချက်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်မြင်ရသလောက်ကတော့ မကောင်းတာမပါပါဘူး။ သူတို့ရည်မှန်းချက်သည့် ဘယ်လိုတည်ဆောက်မယ်၊ ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ ကောင်းတဲ့ဟာတွေပဲပါတယ်လို့ ကျွန်တော်တော့ မြင်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ကာကွယ်ရေးနှင့် လုံခြုံရေးနှင့်ပတ်သက်၍ တပ်မတော်၏ အဓိကတာဝန်အဖြစ် နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားများ ကာကွယ်ရန်၊ ပြည်သူတို့ ယုံကြည်အားကိုးသော တပ်မတော်ဖြစ်ရန်၊ တပ်မတော်သည် ဒီမိုကရေစီ စံနှုန်းစံထားများနှင့်အညီ ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အစိုးရ၏ မူဝါဒအပေါ် ရပ်တည်ရန်၊ စစ်ရေးစွမ်းရည်ထက်မြတ်၍ နည်းပညာပိုင်းဆိုင်ရာ တိုးတက်ခေတ်မီသည့် တပ်မတော်ဖြစ်ရန် စသည့်အချက်များပါဝင်သည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “နောက် တစ်ချက်ကတော့ တပ်မတော်အနေနဲ့ကတော့ ကျွန်တော်တို့ပြောသလို နိုင်ငံတော်ရဲ့ အစိတ်အပိုင်း၊ ပြည်သူလူထုရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ကျွန်တော်တို့ ခံယူပြီးသားဖြစ်တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း မကြာခဏ ပြောဆိုပြီးဖြစ်တယ်။ တပ်မတော်အနေနဲ့ အတိတ်ကာလမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေရော၊ ပစ္စုပ္ပန်ကာလမှာ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေရော၊ အနာဂတ်ကာလမှာ လုပ်ဆောင်မယ့် လုပ်ဆောင်ချက်တွေရော၊ အားလုံးသည် အမြဲတမ်း ကျွန်တော်တို့ သစ္စာလေးချက်မှာ သစ္စာဆိုထားတဲ့အတိုင်း နိုင်ငံတော်နဲ့ ပြည်သူလူထု၊ နိုင်ငံတော်အတွက်ပဲ ဦးတည်တယ်ဆိုတာကို ကျွန်တော်တို့ပြောလိုပါတယ်” ဟု ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရွေးကောက်ပွဲ လမ်းညွှန်ချက်ခြောက်ချက်နှင့် ပတ်သက်၍ စစ်မှုထမ်းဟောင်းဆိုသူအချို့က ဖြန့်ချိနေခြင်းများရှိသည့်အတွက် တပ်မတော်မှ ယင်းသို့လုပ်ဆောင်ရန် ညွှန်ကြားထားခြင်းမျိုးရှိပါသလားဆိုသည့် မေးမြန်းမှုကို  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တိုက်ရိုက်ညွှန်ကြားထားခြင်းမရှိကြောင်း ပြောကြားသည်။

 

Most Read

Most Recent