ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တာဝန်ရပ်စဲခံရမှုသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်တို့၏အားပြိုင်မှုဟု သုံးသပ်ကြောင်း NLD ပါတီဒုတိယဥက္ကဌ (၂) ပြောကြား

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တာဝန်ရပ်စဲခံရမှုသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်တို့၏အားပြိုင်မှုဟု သုံးသပ်ကြောင်း NLD ပါတီဒုတိယဥက္ကဌ (၂) ပြောကြား
Published 4 September 2020
ယဉ်မျိုးသွယ်

ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်ရှို တာဝန်ရပ်စဲခံရမှုနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်တို့၏ အားပြိုင်မှုဟု သုံးသပ်ကြောင်း NLD ပါတီဒုတိယဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင်က စက်တင်ဘာ ၄ ရက် မန္တလေးတိုင်းလွှတ်တော်အစည်းဝေးအပြီးတွင် ပြောကြားခဲ့သည်။

“အစိုးရဆိုတာ လွှတ်တော်ကဆုံးချက်တွေကို အကောင်ထည်ဖော်ပေးဖို့တာဝန်ရှိတယ်။ ကျွန်တော်တို့က သမ္မတဆုံးဖြတ်တာကို ဘာမှပြောစရာမရှိဘူး။ ဘာကိုပဲသုံးသပ်လိုလဲဆိုတော့ နောက်ဒါမျိုးမဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ရမယ်။ NLD အစိုးရ၊ NLD လွှတ်တော် ၊ဒီကြားထဲမှာ ပုဂ္ဂိုလ်ရေးဆန်သွားတယ်။ မူဝါဒပေါ်၊ ဆောင်ရွက်ချက်တွေပေါ်မှာ ငြင်းခုံစရာမရှိဘူး။ ဥပဒေကြောင်းအရ တာဝန်မကျေပွန်လိုလို့ ပြောတယ်။ အဲတော့ ဒီဘက်လျှောက်လဲချက်ကလည်း ဘာပြောလဲဆိုတော့ သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့ မညီတာ ရှိပြီးသားလို့ ပြောတာပေါ့။ အဲတော့ ဒီကိစ္စက ဘာပဲပြောပြော ကယားပြည်နယ်မှာ လွှတ်တော်ဥက္ကဌနဲ့ ဝန်ကြီးချုပ်တို့ရဲ့ ပုဂ္ဂိုလ်ရေးဆန်တဲ့ အားပြိုင်ပွဲလို့ပဲ သုံးသပ်လိုက်တယ်” ဟု ပါတီဒုတိယဥက္ကဌ (၂) ဒေါက်တာဇော်မြင့်က ပြောကြားသည်။

ဝန်ကြီးချုပ်တာဝန်မှရပ်စဲခံရခြင်းနှင့်ပတ်သက်ပြီး NLD ပါတီဝင်ဖြစ်သည့် လွှတ်တာ်ဥက္ကဌကို စစ်စရာမလိုတော့ကြောင်း၊ ၎င်းအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရခြင်းမရှိသော်လည်း ဝန်ကြီးချုပ်သည် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ၎င်းတို့ပါတီအနေဖြင့် လာမည့် NLD အစိုးရ၊ NLD လွှတ်တော်ဖြစ်လာပါက ယခုကဲ့သို့ ထပ်မံမဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကာ ယခုဖြစ်စဉ်သည် ပထမဆုံးသင်ခန်းစာဖြစ်ကြောင်း၊ ယင်းတို့အနေဖြင့် ဝန်ကြီးချုပ်များကို အရေးယူခြင်းသာရှိပြီး ဖြုတ်ချခြင်းမရှိကြောင်း၊ ပြည်သူ့အတွက် မည်သူအကျိုးပြုသနည်းဆိုသည်ကို ပြိုင်မည့်အစား ပုဂ္ဂိုလ်ရေးပြိုင်သောကြောင့် ပြည်သူနစ်နာသဖြင့် နောင်မဖြစ်စေရန် စဉ်းစားမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ကယားပြည်နယ်ဝန်ကြီချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ်ငါးဦးက တိုင်ကြားထားမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို ပြည်နယ်လွှတ်တော်ဥက္ကဌမှ စက်တင်ဘာ ၁ ရက်ကပြုလုပ်သည့် လွှတ်တော်အစည်းဝေးတွင် ဖတ်ကြားတင်ပြခဲ့ပြီးနောက် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲများသဖြင့် စွပ်စွဲပြစ်တင်မှုကို အတည်ပြုခဲ့သည်။

ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုအား တာဝန်မှရပ်စဲကြောင်း အမိန့်စာကို နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အများပြည်သူပိုင်မြေနေရာဖြစ်သော ကယားဒေးကွင်းတွင်းရှိ ဟိုတယ်နှင့် ရေလွှာလျှောစီး လုပ်ငန်းစီမံကိန်းအား ဖယ်ရှားရန် လွှတ်တော်တွင် အဆိုတင်သွင်းမှု အောင်မြင်သဖြင့် ယင်းလုပ်ငန်းစီမံကိန်းကို ဖယ်ရှားခဲ့သော်လည်း ယင်းမြေနေရာကို စည်ပင်ပိုင်မြေနေရာအဖြစ်ပြောင်းကာ ယခင်ကုမ္ပဏီများကပင် အမည်ပြောင်း၍ ပန်းခြံနှင့် ဆိုင်ခန်းများ တည်ဆောက်နေခြင်း၊ စက်ယန္တရားငှားရမ်းခငွေများကို သီးခြားရန်ပုံငွေထားရှိခြင်း စသည်တို့ကြောင့် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ်ငါးဦး တင်ပြခဲ့သဖြင့် ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent