ပါတီကြီးတစ်ခု၏ အထောက်အပံ့ဖြင့် ရွေးကောက်ပွဲစောင့်ကြည့်ရေးအမည်ခံ လုုပ်ဆောင်မည့်ကိစ္စတစ်ခုတွင် ဗကသအမည်ကို အလွဲသုံးစားပြုသည်ဟုဆိုကာ သမဂ္ဂကျောင်းသားဟောင်းခုနစ်ဦးကို ရှုတ်ချကြောင်းနှင့် လက်ရှိသမဂ္ဂကျောင်းသားတချို့အား ရာသက်ပန်ထုတ်ပယ်ကြောင်း ဗကသများအဖွဲ့ချုပ် ကြေညာ

ပါတီကြီးတစ်ခု၏ အထောက်အပံ့ဖြင့် ရွေးကောက်ပွဲစောင့်ကြည့်ရေးအမည်ခံ လုုပ်ဆောင်မည့်ကိစ္စတစ်ခုတွင် ဗကသအမည်ကို အလွဲသုံးစားပြုသည်ဟုဆိုကာ သမဂ္ဂကျောင်းသားဟောင်းခုနစ်ဦးကို ရှုတ်ချကြောင်းနှင့် လက်ရှိသမဂ္ဂကျောင်းသားတချို့အား ရာသက်ပန်ထုတ်ပယ်ကြောင်း ဗကသများအဖွဲ့ချုပ် ကြေညာ
Published 3 September 2020
ယဉ်မျိုးသွယ်

ပါတီကြီးတစ်ခု၏ အထောက်အပံ့ဖြင့် ရွေးကောက်ပွဲစောင့်ကြည့်ရေး အမည်ခံလုပ်ဆောင်မည့်ကိစ္စတစ်ခုတွင် ဗကသအမည်ကို ခုတုံးလုပ် အလွဲသုံးစားပြုသည်ဟုဆိုကာ  သမဂ္ဂကျောင်းသားဟောင်းခုနစ်ဦးအား ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းနှင့် လက်ရှိသမဂ္ဂ ကျောင်းသား ၁၀ ဦးအား ရာသက်ပန်ထုတ်ပယ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်က စက်တင်ဘာ ၂ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်ထုတ်ပြန်မှုနှင့်အတူ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂ ရက်က မန္တလေးမြို့ အမရပူရမြို့နယ်  ရတနာပုံတက္ကသိုလ်ရှိ ဗကသများအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံး (ယာယီ) တွင် ပြုလုပ်ခဲ့သည်။

“အခုလိုင်းပေါ်မှာပျံ့နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းလိုက်တဲ့အခါ ဘယ်မှာဂိတ်ဆုံးလဲဆိုတော့ USDP ပါတီဝင်တစ်ယောက်ရဲ့ အိမ်မှာဂိတ်ဆုံးတယ်။ USDP ဗဟိုဌာနချုပ်ဘက်ကတော့ ငြင်းတယ်လို့သိရတယ်။ ဘာပဲဖြစ်ဖြစ် ဒီဘက်ပိုင်းမှာ ကျွန်တော်တို့အနေနဲ့ စစ်အုပ်စုရဲ့ နောက်ခံဆိုတာ ပါတီဗဟိုကနေပဲဖြစ်ဖြစ်၊ ပါတီဝင်တစ်ယောက်ချင်းစီကနေပဲဖြစ်ဖြစ်၊ သူတို့တစ်ယောက်ချင်းအနေ ထားနဲ့ပဲဖြစ်ဖြစ်၊ အစုအဖွဲ့နဲ့ပဲဖြစ်ဖြစ် စစ်အုပ်စုနဲ့ပတ်သက်ဆက်နွှယ်နေပြီဆိုရင် ဒါစစ်အုပ် စုရဲ့ကျောထောက်နောက်ခံလို့ ယူဆပါတယ်။ ကျွန်တော်တို့က ရန်သူပေးတဲ့ထမင်းကို စားလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ကျွန်တော်တို့ လိုက်ကြည့်တဲ့အနေထားရ USDP ပါတီဝင်တစ်ယောက်ရဲ့ အထောက်အပံ့ဆိုတဲ့နေရာမှာ သွားပြီးဂိတ်ဆုံးတယ်။ ဒါကြောင့် သူတို့ပါတီအနေနဲ့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဒီလူကိုယ်တိုင်က စစ်အုပ်စုအသိုင်းဝိုင်းထဲက ဖြစ်တယ်။ ဒီလိုဗကသများအဖွဲ့ချုပ်နာမည်ကို အလွဲသုံးစားပြုသွားတယ်။ ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲပေါ်မှာ ပြတ်သားတဲ့ သဘောထားပေးခဲ့ပြီးသားပါ။ စစ်အုပ်စုရဲ့ နောက်ခံကိုယူတာ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ။ သူတို့ဘယ် လိုပဲယူယူကိစ္စမရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့  ဗကသများအဖွဲ့ချုပ်ရဲ့ နာမည်ကို ယူသုံးလာပြီဆိုရင်တော့ ပြောကိုပြောရမယ့်ကိစ္စပဲဖြစ်ပါတယ်။ အဲဒီအတွက် ကြေညာချက်ထဲမှာ ထည့်ထားတာဖြစ်ပါတယ်” ဟု ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူး ထူးခန့်သော်က ပြောကြားသည်။

ရွေးကောက်ပွဲစောင့်ကြည့်ရေးအမည်ခံကာ ပါတီတစ်ခု၏အကျိုးစီးပွားအတွက် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်ရာတွင် ဗကသများအဖွဲ့ချုပ်၏ အမည်နာမကို သုံးစွဲနေကြောင်းစသည့် သတင်းစကားများ ပျံ့နှံ့နေခြင်းနှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် ပြန်လည်ဖြေရှင်းချက်ဟုဆိုကာ သြဂုတ်၂၅ ရက်က ဗကသအဖွဲ့ဝင်တစ်ဦးဖြစ်သူ မင်းထက်မြတ်က ၎င်း၏ Facebook အကောင့်တွင် ရေးသားမှုများပြုလုပ်ခဲ့သည်။

ဗကသအဖွဲ့ဝင်ဟောင်းတစ်ဦးက ၎င်းတို့အနေဖြင့် USDP ထံမှ ဂရန့်ယူထားကြောင်း၊ ငွေပမာဏအနေဖြင့် ကျပ်သိန်းနှစ်ထောင်ခန့် လျာထားကြောင်း၊ ထိုဂရန့်အား ၎င်းတို့နှင့်အတူပါဝင်စေလိုကြောင်း၊ ကနဦးအနေဖြင့် ကျပ်သိန်း ၅၀ ပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲစောင့်ကြည့်ရေးဟူ၍ ခေါင်းစဉ်တပ်မည်ဖြစ်ကာ NLD ပါတီရွေးကောက်ပွဲ အပြတ်အသတ်မနိုင်ဘဲ ညွန့်ပေါင်းဖွဲ့နိုင်အောင် လှုပ်ရှားမည့်အသွင်ကို ပြမည်ဖြစ်ကြောင်း၊ အဓိကမှာ USDP အောင်နိုင်ရေး အတွက်သာဖြစ်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ထိုသို့ USDP ပါတီထံမှ ငွေကြေးအထောက်ပံ့ယူကာ ရွေးကောက်ပွဲစောင့်ကြည့်ရေးခေါင်းစဉ်ဖြင့် ဆောင်ရွက်မည့်အကြောင်းကို လက်မခံဘဲ ၎င်းအနေဖြင့် ငြင်းဆိုခဲ့ကြောင်း စသည့်ဖြင့် ဗကသအဖွဲ့ဝင် မင်းထက်မြတ်က ရေးသားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြေရှင်းရေးသားမှုနှင့်ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ကလည်း စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ပတ်သက်မှုရှိသည့်အတွက် ယခုကဲ့သို့အဖွဲ့ချုပ်နာမည်ကိုအသုံးပြုကာ ကိုယ်ကျိုးရှာခဲ့သည့် သမဂ္ဂကျောင်းသားဟောင်းများကို ရှုတ်ချခြင်းနှင့် လက်ရှိသမဂ္ဂကျောင်းသားများကို ရာသက်ပန်ထုတ်ပယ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိဗသကများအဖွဲ့ချုပ်၏ No Vote ဆိုသည်မှာ ၎င်းတို့ အနေဖြင့် မဲမပေးခြင်းသာဖြစ်ပြီး ကမ်ပိန်းမဟုတ်ကြောင်း ဆက်လက်ရှင်းလင်းခဲ့သည်။

ယခုကိစ္စရပ်များဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်ပြီး လက်ရှိဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ သက်မောင်မောင်က ၎င်းအနေဖြင့် စီမံခန့်ခွဲမှုညံ့ဖျင်းသည်ဟုဆိုကာ  ဥက္ကဋ္ဌနေရာမှ နုတ်ထွက်ကြောင်း ရှင်းလင်းပြောကြားသည်။

 

Most Read

Most Recent