ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား တာဝန်မှရပ်စဲ

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား တာဝန်မှရပ်စဲ
Published 3 September 2020
မခိုင်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား တာဝန်မှရပ်စဲကြောင်း အမိန့်စာကို နိုင်ငံတော်သမ္မတရုံးက ယနေ့ (စက်တင်ဘာ ၃ ရက်) တွင် ထုတ်ပြန်ခဲ့ကြောင်း ကယားပြည်နယ် လွှတ်တော်ဥက္ကဌ ဦးလှထွေးက အတည်ပြုပြောကြားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက တိုင်ကြားထားမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက စက်တင်ဘာ ၁ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။

ထိုသို့ စုံစမ်းစစ်ရေးအဖွဲ့၏ အစီရင်ခံစာအား ဖတ်ကြားတင်ပြရာတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက"ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ယန္တရားများကို နိုင်ငံတော်ပိုင်စာရင်းမှ ဖျောက်ဖျက်ကာ မိမိတစ်ဦးတည်း အကျိုးစီးပွားအတွက် သီးခြားရန်ပုံငွေ ဖွင့်လှစ်သုံးစွဲခြင်း၊ နိုင်ငံတော်မှချမှတ်ထားသော ဘတ်ဂျတ်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ က ၅ ပါ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း၊ ကယားပြည်နယ်လွှတ်တော်မှ အတည်ပြုပြီး အဆိုဖြစ်သော နှစ်စဉ်ကယားပြည်နယ်နေ့ကျင်းပရာ မြေနေရာအား ကယားပြည်နယ်နေ့ကျင်းပရေးအတွက် အများပြည်သူပိုင်မြေနေရာအဖြစ် ထားရှိရေးတိုက်တွန်းကြောင်း အဆိုနှင့်ပက်သက်၍ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မှုမရှိခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၄၂ က ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် လွှတ်တော်က အခါအားလျော်စွာချမှတ်ထားသည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ မိမိ၏ အရေးယူဆောင်ရွက်ချက်များကို လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်မှုမရှိခြင်းဟူ၍ စွဲချက်များဖြင့် တင်ပြလာသဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သက်သေများ၊ သက်ဆိုင်ရာအချက်အလက်၊ အထောက်အထားများအား စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ ကယားပြည်နယ် ဝန်ကြီးချုပ်အနေဖြင့် တာဝန်ထမ်းဆောင်နေသော ဦအယ်လ်ဖောင်းရှိုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြိမ်ကြိမ် ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း ခြုံငုံသုံးသပ်ရှိပါသည်'' ဟု ပြောကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်ရာ မဲပေးပိုင်ခွင့်ရှိသူ ကိုယ်စားလှယ်၂၀ အနက် ၁၆ ဦးက ထောက်ခံပြီး လေးဦးက ကန့်ကွက်ခဲ့သဖြင့် ထောက်ခံမဲများသောကြောင့် ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်မှုကို အတည်ပြုခဲ့သည်။

ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းအစီအစဉ်မပြုလုပ်မီ ကယားပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက မိန့်ခွန်းပြောကြားခဲ့ပြီး ၎င်းအပေါ် စွပ်စွဲပြစ်တင်သည့် အချက်နှစ်ချက်နှင့်ပတ်သက်၍ ထည့်သွင်းရှင်းလင်းခဲ့ပြီး လွှတ်တော်တွင် ကိုယ်စားလှယ်များအနေဖြင့် သမာသမတ်ရှိရှိ ဆုံးဖြတ်ပေးရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် စွပ်စွဲပြစ်တင်မှုအပေါ် ထောက်ခံမဲများသဖြင့် လွှတ်တော်ကအတည်ပြုခဲ့သည်။

အများပြည်သူပိုင်မြေနေရာဖြစ်သော ကယားဒေးကွင်းအတွင်းရှိ ဟိုတယ်နှင့် ရေလွှာလျှောစီးလုပ်ငန်း စီမံကိန်းအားဖယ်ရှားရန် လွှတ်တော်တွင် အဆိုတင်သွင်းမှုအောင်မြင်သဖြင့် ယင်းလုပ်ငန်းစီမံကိန်းကို ဖယ်ရှားခဲ့သော်လည်း အဆိုပါမြေနေရာကို စည်ပင်ပိုင် မြေနေရာအဖြစ် ပြောင်းပြီး ယခင်ကုမ္ပဏီများကပင် အမည်ပြောင်း၍ ပန်းခြံနှင့် ဆိုင်ခန်းများ တည်ဆောက်နေသည်ဟူ၍လည်းကောင်း၊ စက်ယန္တရားငှားရမ်းခငွေများကို သီးခြားရန်ပုံငွေ ထားရှိခြင်းကြောင့်ဟူ၍ လည်းကောင်း ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက တင်ပြခဲ့သဖြင့် ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် တိုင်တန်းထားမှုနှင့်ပတ်သက်၍ ကယားပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့က သြဂုတ် ၂၅ ရက်မှ ၂၆ ရက် အထိ ဝန်ကြီးချုပ်အား လေးကြိမ်တိုင်တိုင်ခေါ်ယူမှုအပေါ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်းရေးမှူး ဦးအံ့မော်သာ လာရောက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လူမစုံခြင်းနှင့် အဖွဲ့ဝင်များချိန်းပေးရန် တောင်းဆိုခြင်းပြုလုပ်ခဲ့ကာ တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိကြောင်းနှင့် သြဂုတ် ၂၈ ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့က အစီရင်ခံစာအား လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့သည်။

သို့ရာတွင် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် တိုင်တန်းတင်ပြမှုတွင် ပါဝင်သည့် ငါးဦးအနက် တစ်ဦးက ၎င်းအနေဖြင့် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးမှုမှ နုတ်ထွက်ကြောင်း ကယားပြည်နယ်လွှတ်တော်သို့ စာပြန်လည်ပေးပို့ ထားသည်။  

 

Most Read

Most Recent