၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် “၀” ဒေသရှိ မြို့နယ်ငါးမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ဖွယ်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် “၀” ဒေသရှိ မြို့နယ်ငါးမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ဖွယ်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား
Published 2 September 2020
နေရိုင်း၊ အောင်မင်းသိန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် “၀” ဒေသရှိ မြို့နယ်ငါးမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

စက်တင်ဘာ ၂ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးကိစ္စ အစီအစဉ်များကို ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် နယ်မြေလုံခြုံရေးအခြေအနေများအရ ရွေးကောက်ပွဲမကျင်းဖြစ်မည့် နေရာများနှင့်ပတ်သက်၍ မည်မျှရှိပါသလဲဆိုသည့် မီဒီယာ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ ခြင်းဖြစ်သည်။

“အဓိကကတော့ အရင်တုန်းက ၂၀၁၀ မှာလည်း မကျင်းပခဲ့ဖူးဘူး။ ၂၀၁၅ မှာလည်း မကျင်းပဖူးတဲ့ “၀” နယ်မြေပေါ့။ အဲဒီမှာ ငါးမြို့နယ်ပေါ့။ ဒါတွေရှိတယ်။ နောက် ရခိုင်က မဲဆန္ဒနယ်တချို့ပေါ့။ ဒါလေးတွေကတော့ တချို့နေရာတော့ လုံခြုံရေးရယူပြီးတော့ ကျင်းပနိုင်တဲ့အခြေအနေရှိတယ်။ တချို့နေရာကျတော့ မြို့နယ်တစ်ခုလုံးကို ကျင်းပနိုင်တဲ့ အခြေအနေမရှိဘူး။ မြို့နယ်မှာမှ နှစ်ခြမ်းရှိတာကို။ မဲဆန္ဒနယ် နှစ်ခုရှိတယ်၊ မြို့နယ်မှာ။ မဲဆန္ဒနယ်(၁)၊ မဲဆန္ဒနယ်(၂)။ အဲဒီတော့ မဲဆန္ဒနယ်(၁) မှာတော့ ကျင်းပလို့ရတယ် စသည်ဖြင့်။ တချို့နေရာမှာတော့ မြို့နယ်တော့ ကျင်းပလို့ရတယ်။ သို့သော်လည်းပဲ ဒီကျေးရွာတွေ၊ ဒီအုပ်စုတွေကတော့ ကျင်းပလို့မရဘူး။ ဒီလိုလေးတွေ ရှိတာပေါ့” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

လက်ရှိတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိသည့် မဲဆန္ဒနယ်မြေများကို စိစစ်နေပြီး ရွေးကောက်ပွဲ နီးကပ်လာသည့်အချိန်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်မြေများကို အချိန်မီ ကြေညာပေးသွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

“မြို့နယ်တစ်ခုလုံး မကျင်းပနိုင်ဘူး။ ဒါမှမဟုတ်ရင် မြို့နယ်တစ်ခုအတွင်းမှာ မဲဆန္ဒနယ် တစ်ခုတော့ မကျင်းပနိုင်ဘူး။ ဒါမဟုတ်ရင် မြို့နယ်တစ်ခု သို့မဟုတ် မဲဆန္ဒနယ်တစ်ခုအတွင်းမှာ ဘယ်ကျေးရွာအုပ်စု၊ ဘယ်ရပ်ကွက်ကတော့ မကျင်းပနိုင်ဘူး။ ဒါတွေကိုလည်း ကြိုပြီးတော့ ကြေညာသွားမယ်” ဟု ၎င်းက ပြောကြားသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်မြေ မည်မျှရှိသည်ကို ကော်မရှင်အနေဖြင့် ခန့်မှန်းထားသနည်းဆိုသည့် မေးမြန်းမှုအပေါ် ဦးမြင့်နိုင်က “အခုကတော့ အများကြီးမရှိပါဘူး။ ရခိုင်ထဲပဲ။ ခုနကပြောတဲ့ “၀” ဒေသ ငါးမြို့နယ်နဲ့ ရခိုင်ထဲက မြို့နယ်တချို့ပေါ့။ (အနည်းဆုံး ဘယ်လောက်ရှိနိုင်လဲ) နှစ်မြို့နယ်လောက်ပဲ” ဟု ပြန်လည်ဖြေကြားသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ မြို့နယ်ကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလျှင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နယ်စီ သတ်မှတ်၍ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ်၊ ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ် နှစ်နယ်စီသတ်မှတ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်နယ် ၆၄၄ နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်အဖြစ် သတ်မှတ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

၂၀၂၀ ပြည့်နှစ်တွင်ကျင်းပမည့်အထွေ ထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၁၉၄၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၉၈၈ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ၃၈၈၀ ဦးနှင့် တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် ၂၁၄ ဦး စုစုပေါင်းကိုယ်စားလှယ်လောင်း ၇၀၃၀ ဦး အမည်စာရင်း တင်သွင်းထားကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

“နောက်ဆုံးအတည်ပြုတဲ့ စာရင်းအရဆိုရင် လွှတ်တော်အလိုက် ပြည်သူ့လွှတ်တော်မှာဆိုလို့ရှိရင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈၆၃ ဦးနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၁ ဦး စုစုပေါင်း ၁၉၃၄ ဦး ရှိပါတယ်။ အမျိုးသားလွှတ်တော်မှာဆိုရင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၄၇ ဦးနဲ့ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၉ ဦး စုစုပေါင်း ၉၇၆ ဦးရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာဆိုရင် နိုင်ငံရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်း ၃၇၀၀ နဲ့ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၄၇ ဦး စုစုပေါင်း ၃၈၄၇ ဦးရှိပါတယ်။ တိုင်းရင်းသားလူမျိုး လွှတ်တော်မဲဆန္ဒနယ်အတွက်မှာ နိုင်ငံရေး ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်းက ၁၇၉ ဦးနဲ့ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၃၃ ဦး စုစုပေါင်း ၂၁၂ ဦးဖြစ်ပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

 

Most Read

Most Recent