COVID-19 ကာကွယ်ရေးနှင့် ရွေးကောက်ပွဲများ

COVID-19 ကာကွယ်ရေးနှင့် ရွေးကောက်ပွဲများ
Published 31 August 2020

၂၀၂ဝပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တစ်ဦးဦး၊ ဒုတိယဝန်ကြီး တစ်ဦးဦးက ရွေးကောက်ပွဲအတွက် ရွေးချယ်ခံရမည့်သူဖြစ်ပါက ဇူလိုင် ၁ ရက်မှစ၍ ပါတီစည်းရုံးရေးလုပ်ငန်းများကို ဆောင် ရွက်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။ မြန်မာနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကာလအတွင်း အရှေ့တောင်အာရှဒေသ၌ ရွေးကောက်ပွဲ ကျင်းပမည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ လက်ရှိအခင်းအကျင်းအနေအထားအရ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် မဖြစ်နိုင်ဟု နိုင်ငံရေးကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ “လက်ရှိ အာဏာရ NLD ပါတီဟာ ကျန်းမာရေး အကျပ်အတည်းကို တုံ့ပြန်မှုတစ်ရပ်အဖြစ် တစ်ဦးတည်းမူပိုင် လူမြင်ကွင်းမှာ ဟန်ရေးပြနိုင်သလိုမျိုး ဖြစ်နေပါတယ်” ဟု ဟင်းနရစ်ဘိုး ဖောင်ဒေးရှင်းက အစီရင်ခံစာတစ်ရပ်၌ ပြောကြားထားသည်။ “ဒီသုံးသပ်ချက်အတွက် အင်တာဗျူးမှာ ပါဝင်သူတချို့က လွတ်လပ်စွာ သွားလာခွင့်တွေနဲ့ စုဝေးခွင့်တွေကို ပိုပြီး အချိန်ကြာကြာ ကန့်သတ်ထားလေလေ NLD ပါတီအတွက် ပိုပြီး အကျိုးရှိတဲ့ အနေအထား ဖြစ်လေလေပါပဲလို့ ရှုမြင်ကြပါတယ်” ဟုလည်း အဆိုပါဖောင်ဒေးရှင်း၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

လွန်ခဲ့သည့်လများအတွင်း ကမ္ဘာ့နိုင်ငံအများအပြားသည် COVID-19   ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများနှင့် ရုန်းကန်ခဲ့ကြရပြီး နိုင်ငံအချို့မှာမူ ယင်းကပ်ရောဂါကို အကြောင်းပြု၍ နိုင်ငံရေး အခွင့်ကောင်းများ ရယူခဲ့ကြသည်။ ဥပမာအားဖြင့် ဇူလိုင် ၁၀ ရက်တွင်ပြုလုပ်ခဲ့သည့် စင်ကာပူနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲမတိုင်မီ လူစုလူ​ဝေးဖြင့် မဲဆွယ်ခြင်းကို အစိုးရက တားမြစ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးပါတီများသည် အင်တာနက်မှတစ်ဆင့် မဲဆွယ်စည်းရုံးခဲ့ကြရပြီး အိမ်တိုင်ရာရောက် မဲဆွယ်မှုများကိုလည်း အကန့် အသတ်များစွာဖြင့် ဆောင်ရွက်ခဲ့ကြရသည်။ အာဏာရပါတီက COVID-19 ကန့်သတ် ချက်စည်းမျဉ်းများကို အသုံးချပြီး လူစုလူ​ဝေးနှင့် မဲဆွယ်ပွဲများကို တားမြစ်ခြင်းအားဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲအောင်နိုင်ရေးကို ထိခိုက်စေခဲ့သည်ဟု အတိုက်အခံပါတီက စွပ်စွဲခဲ့သည်။

အလားတူ အရှေ့အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် မာလာဝီနိုင်ငံတွင်လည်း COVID-19 ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုပြီး ဇွန်လအတွင်း ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ယခင်နှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် မဲမသမာမှုများ ဖြစ်ခဲ့သည်ဟု ဆိုကာ ယင်းနိုင်ငံ၏ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေခုံရုံးက မဲရလဒ်ကို ပယ်ချခဲ့ပြီး ယခုနှစ်တွင် ထပ်မံကျင်းပခြင်းဖြစ်သည်။ ရွေးကောက်ပွဲအကြိုကာလတွင် လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ရုံမက အတိုက်အခံပါတီက အနိုင်ရသွားသောအခါတွင် လည်း လူစုလူ​ဝေးဖြင့် အောင်ပွဲခံကြသည်။ အီသီယိုးပီးယားနိုင်ငံတွင်မူ ယခုနှစ်ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို COVID-19 ကမ္ဘာ့ကပ်ရောဂါအန္တရာယ်ကို အကြောင်းပြ၍ ဝန်ကြီးချုပ် အဘီအာမက်က ရွှေ့ဆိုင်းခဲ့ရာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် ပေးထားသည့် ကတိကဝတ်ကို ဖောက်ဖျက်သည်ဟု ဝေဖန်ခံ​နေရသည်။

၂၀၂၀ ရွေး​ကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃ရသန်းခန့် ရှိပြီး မဲရုံ ၄၀,ဝဝဝခန့် အသုံးပြုသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ မဖြစ်ပွားမီက ကြေညာခဲ့သည်။ သို့သော် မဲရုံမည်မျှထားရှိမည်ဆိုသည်ထက် ရွေးကောက်ပွဲအတွက် ပို၍အရေးကြီးသော မဲဆွယ်စည်းရုံးခြင်းနှင့် မဲဆန္ဒရှင်စာရင်း မှန်ကန်အောင် ပြုစုခြင်းတို့အား ကော်မရှင်က မည်သို့မည်ပုံ ဆောင်ရွက်မည်ဆိုသည်ကို နိုင်ငံရေးပါတီ များနှင့်အရပ်ဘက်အဖွဲ့အစည်းများက ပို၍ စိတ်ဝင်စားသည်။ ထို့အပြင် COVID-19 ရောဂါအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အများပြည်သူတို့ လိုက်နာအောင် ဆောင်ရွက်စဉ်မှာပင် ပြည် သူများ၏ ဆန္ဒမဲပေးပိုင်ခွင့်ကို မဆုံးရှုံးစေဘဲ နိုင်ငံရေးပါတီများ တရားမျှတစွာ ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ပါမည်လားဟူသည့် စိုးရိမ်မှုများလည်း ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ COVID-19 ရောဂါကို မည်သည့်ပါတီ သို့မဟုတ် မည်သူ တစ်ဦးတစ်ယောက်မျှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အခွင့်ကောင်းယူခြင်းမျိုးမရှိစေဘဲ အမှန်တကယ် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်လာရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ ( စက်တင်ဘာ ၁ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent