အိန္ဒိယ၏ ပဲတင်သွင်းခြင်းမူဝါဒ အတိအကျမသိရှိရသေးသဖြင့် လက်ရှိတွင် မတ်ပဲနှင့် ပဲတီစိမ်းတင်ပို့မှု အရောင်းအဝယ် အေးနေသော်လည်း ပဲတီစိမ်းတင်ပို့မှုသည် စျေးကွက်ကျယ်ပြန့်သဖြင့့် ပုံမှန်အတိုင်း တင်ပို့လျက်ရှိ

အိန္ဒိယ၏ ပဲတင်သွင်းခြင်းမူဝါဒ အတိအကျမသိရှိရသေးသဖြင့် လက်ရှိတွင် မတ်ပဲနှင့် ပဲတီစိမ်းတင်ပို့မှု အရောင်းအဝယ် အေးနေသော်လည်း ပဲတီစိမ်းတင်ပို့မှုသည် စျေးကွက်ကျယ်ပြန့်သဖြင့့် ပုံမှန်အတိုင်း တင်ပို့လျက်ရှိ
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်ရှိ မတ်ပဲစိုက်ခင်းတစ်နေရာကို တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်ရှိ မတ်ပဲစိုက်ခင်းတစ်နေရာကို တွေ့ရစဉ်
Published 29 August 2020
ဇေယျာငြိမ်း

အိန္ဒိယ၏ ပဲတင်သွင်းခြင်းမူဝါဒ အတိအကျ မသိရှိရသေးသဖြင့် လက်ရှိတွင် မတ်ပဲနှင့် ပဲတီစိမ်းတင်ပို့မှာ အရောင်းအဝယ် အေးနေသော်လည်း ပဲတီစိမ်းတင်ပို့မှုသည် စျေးကွက်ကျယ်ပြန့်သဖြင့် ပုံမှန်အတိုင်း တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

“ တင်ပို့မှုက ပဲတီစိမ်းကတော့ တရုတ်ဘက်သွားတာရှိသလို အီးယူဘက်သွားတာ ရှိတယ်။ မတ်ပဲနဲ့ ပဲစင်းငုံကတော့ အိန္ဒိယဘက်က ပဲစင်းငုံကလိုင်စင် အခုထိမကျသေးဘူး။ သူတို့သွင်းကုန်လိုင်စင်တွေကို မချပေးသေးဘူး။ မတ်ပဲကအတူတူပဲ။ သြဂုတ်လအကုန်အထိပဲ ခွင့်ပြုထားသေးတယ်။ Extention ပြန်မပေးသေးဘူး။ စောင့်ကြည့်နေတုန်းဆိုတော့ မတ်ပဲနဲ့ ပဲစင်းငုံကတော့ FOB အိန္ဒိယဘက်က ဝယ်ယူမှုအား နဲနဲ နည်းတယ်။ တခြားနိုင်ငံကနေ ဝယ်ယူမှုတွေကတော့ရှိတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့်် ပြည်ပသို့ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်း အမျိုးအစားသုံးမျိုးကို အဓိကတင်ပို့နေခြင်းဖြစ်သည်။

ယင်းအနက် မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်သို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကိုမူ တရုတ်နိုင်ငံ၊ ဥရောပသမဂ္ဂသို့ တင်ပို့နေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အိန္ဒိယစျေးကွက်ကို အဓိကတင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှုမှာ အရောင်းအဝယ်အေးနေသော်လည်း တရုတ်နိုင်ငံ၊ ဥရောပသမဂ္ဂနိုင်ငံများအထိ စျေးကွက်ကျယ်ပြန့်စွာ ရရှိထားသည့် ပဲတီစိမ်းတင်ပို့မှုမှာ ယခင်နှစ်များအတိုင်း တင်ပို့မှုအားကောင်းလျက်ရှိကြောင်း သိရသည်။

“ အိန္ဒိယက သူ့မူဝါဒအပြောင်းအလဲတွေကြောင့် ရပ်သွားလိုက်၊ အရောင်းအဝယ် သွက်သွားလိုက်။ မတ်ပဲ၊ ပဲတီစိမ်းက အိန္ဒိယဘက်ကို သိပ်မသွားတဲ့အခါကျတော့ ပဲတီစိမ်းစျေးက ပိုပြီးတော့ကျယ်ပြန့်ပါတယ်” ဟု ဦးမင်းကိုဦးက ပြောကြားသည်။

လက်ရှိတွင် ပြည်တွင်း၌ မတ်ပဲတစ်တန်လျှင် ကျပ်ကိုးသိန်းခွဲအထိရှိပြီး ယခင်တပတ်ထက် ကျပ်တစ်သောင်းဝန်ကျင်သာ ပြောင်းလဲမှုရှိသည်။ ပဲစင်းငုံသည် ကျပ် ၈၀၀,၀၀၀ မှ ၈၁၀,၀၀၀ ဝန်းကျင်ရှိပြီး ပြောင်းလဲမှုမရှိကြောင်း၊ ပဲတီစိမ်းစျေးနှုန်းသည် အမျိုးအစားအပေါ်မူတည်၍ ကျပ် ၁၁ သိန်းမှ ၁၃ သိန်းကြား ရှိကြောင်း သိရသည်။

“ ပဲစျေးကွက်ကတော့ ကြီးကြီးမားမား ပြောင်းလဲမှုမရှိပါဘူး။ လက်ရှိမတ်ပဲကတော့ ကျပ်ကိုးသိန်းခွဲလောက်ရှိတယ်။ ပြီးခဲ့တဲ့ တပတ်က ကိုးသိန်းခြောက်သောင်းလောက် သွားတယ်။ နည်းနည်းတော့ အေးတယ်ပေါ့။ ပဲစင်းငုံကလည်း ရှစ်သိန်းနဲ့ ရှစ်သိန်းတစ်သောင်းလောက်ရှိတယ်။ အရင်တပတ်ကလည်း အဲစျေးလောက်ပဲပြောင်းလဲမှုမရှိဘူး။  မတ်ပဲက FOB တစ်တန်ကို ဒေါ်လာ ၇၁၅နဲ့ ၇၂၀ လောက်သွားတယ်။ ပဲစင်းငုံက တစ်တန်ကို ဒေါ်လာ ၃၂၀ လောက်သွားတယ်။ ပဲတီစိမ်းကတော့ လက်ရှိမှာ အမျိုးအစားအပေါ်မူတည်ပြီး ၁၁ သိန်းနဲ့ ၁၃ သိန်းကြား ဒီဝန်းကျင်လောက်ပဲ” ဟု ၎င်းက ဆိုသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် ပြည်ပသို့ ပဲမျိုးတန်ချိန် ၁ ဒသမ ၄ သန်း ကျော်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ တစ်ဘီလျံ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၂၀၀၀၀ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၂၄၀ ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၂၄ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၄၃၈ သန်း တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၀၆၅ ဘီလျံ ရရှိထားသည်။ ယခင်နှစ်ကာလတူတွင် ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၃၁၈ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၈၂၅ သန်းကျော်သာ ရရှိထားသည်။

“ ကာလတူထက် တန်ဖိုးက ဒေါ်လာသန်း ၂၄၀ များတယ်။ တန်ချိန်ကလည်း ၁၂၀၀၀၀ လောက်များတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent