မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ နယ်စပ်မှ ပဲတင်ပို့မှု အနည်းငယ်သာရှိသဖြင့် လတ်တလော ရခိုင်ပြည်နယ်အတွင်း ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်မှုကြောင့် ပဲတင်ပို့မှုအပေါ် ကြီးကြီးမားမားထိခိုက်မှုမရှိဟု ပြောကြား

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ နယ်စပ်မှ ပဲတင်ပို့မှု အနည်းငယ်သာရှိသဖြင့် လတ်တလော ရခိုင်ပြည်နယ်အတွင်း ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်မှုကြောင့် ပဲတင်ပို့မှုအပေါ် ကြီးကြီးမားမားထိခိုက်မှုမရှိဟု ပြောကြား
စစ်တွေမြို့နယ်၊ ကျောက်တန်းဂိတ်သို့ ရောက်ရှိလာသော ကုန်တင်ကားများကို သြဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ကံထွန်း)
စစ်တွေမြို့နယ်၊ ကျောက်တန်းဂိတ်သို့ ရောက်ရှိလာသော ကုန်တင်ကားများကို သြဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ကံထွန်း)
Published 29 August 2020
ဇေယျာငြိမ်း

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ နယ်စပ်မှ ပဲတင်ပို့မှု အနည်းငယ်သာရှိသဖြင့် လတ်တလော ရခိုင်ပြည်နယ်အတွင်း ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်မှုကြောင့် ပဲတင်ပို့မှုအပေါ် ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

“ ရခိုင်ဘက်ကိုကျတော့ ပြည်ဘက်၊ စစ်တွေဘက်သွားတာ အထိုက်အလျောက်ရှိပေမဲ့ နည်းပါတယ်။ အရမ်းမများဘူး။ တမူးနယ်စပ်ကိုသွားတဲ့ဟာကလည်း နည်းပါတယ်။ ဒါကြောင့် ထိခိုက်မှုသိပ်မရှိဘူး” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ မတ် ပဲ၊ ပဲစင်းငုံနှင့်  ပဲတီစိမ်း အမျိုးအစားသုံးမျိုးကို အဓိက တင်ပို့နေခြင်းဖြစ်သည်။

ယင်းတို့အနက် မတ်ပဲနှင့် ပဲစင်းငုံကို  အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကိုမူ တရုတ်နိုင်ငံ၊ ဥရောပသမဂ္ဂနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း အိန္ဒိယ၏ ပဲတင်သွင်းခြင်းမူဝါဒ အတိအကျမသိရှိရသေးသဖြင့် လက်ရှိတွင် မတ်ပဲနှင့် ပဲတီစိမ်းတင်ပို့မှု အရောင်းအဝယ်အေးနေသော်လည်း ပဲတီစိမ်းတင်ပို့မှုသည် စျေးကွက်ကျယ်ပြန့်သဖြင့် ပုံမှန်အတိုင်း တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

“ တင်ပို့မှုက ပဲတီစိမ်းကတော့ တရုတ်ဘက်သွားတာရှိသလို အီးယူဘက်သွားတာ ရှိတယ်။ မတ်ပဲနဲ့ ပဲစင်းငုံကတော့ အိန္ဒိယဘက်က ပဲစင်းငုံက လိုင်စင်အခုအထိ မကျသေးဘူး။ သူတို့သွင်းကုန်လိုင်စင်တွေကို မချပေးသေးဘူး။ မတ်ပဲက အတူတူပဲ။ သြဂုတ်လကုန်အထိပဲ ခွင့်ပြုထားသေးတယ်။ Extention ပြန်မပေးသေးဘူး။ စောင့်ကြည့်နေတုန်းဆိုတော့ မတ်ပဲနဲ့ ပဲစင်းငုံကတော့ FOB အိန္ဒိယဘက်က ဝယ်ယူမှုအားနည်း နည်းနည်းတယ်။ တခြားနိုင်ငံကနေ ဝယ်ယူမှုတွေကတော့ ရှိတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

လက်ရှိတွင် ပြည်တွင်း၌ မတ်ပဲတစ်တန်လျှင် ကျပ်ကိုးသိန်းခွဲအထိရှိပြီး ယခင်တစ်ပတ်ထက် ကျပ်တစ်သောင်းဝန်းကျင်သာ ပြောင်းလဲမှုရှိသည်။ ပဲစင်းငုံသည် ကျပ် ၈၀၀,၀၀၀ မှ ၈၁၀,၀၀၀ ဝန်းကျင်ရှိပြီး ပြောင်းလဲမှုမရှိကြောင်း၊ ပဲတီစိမ်းစျေးနှုန်းသည် အမျိုးအစားအပေါ်မူတည်၍ ကျပ် ၁၁ သိန်းမှ ၁၃ သိန်းကြား ရှိကြောင်း သိရသည်။

“ ပဲစျေးကွက်ကတော့ ကြီးကြီးမားမား ပြောင်းလဲမှုမရှိပါဘူး။ လက်ရှိမတ်ပဲကတော့ ကျပ် ကိုးသိန်းခွဲလောက်ရှိတယ်။ ပြီးခဲ့တဲ့အပတ်က ကိုးသိန်းခြောက်သောင်းလောက် သွားတယ်။ နည်းနည်းတော့ အေးတယ်ပေါ့။ ပဲစင်းငုံကလည်း ရှစ်သိန်းနဲ့ ရှစ်သိန်းတစ်သောင်းလောက်ရှိတယ်။ အရင်တစ်ပတ်ကလည်း အဲဒီစျေးလောက်ပဲ ပြောင်းလဲမှုမရှိဘူး။ မတ်ပဲက FOB တစ်တန်ကို ဒေါ်လာ ၇၁၅ နဲ့ ၇၂၀ လောက်သွားတယ်။ ပဲစင်းငုံက တစ်တန်ကို ဒေါ်လာ ၃၂၀ လောက်သွားတယ်။ ပဲတီစိမ်းကတော့ လက်ရှိမှာ အမျိုးအစားအပေါ် မူတည်ပြီး ၁၁ သိန်းနဲ့ ၁၃ သိန်းကြား ဒီဝန်းကျင်လောက်ပဲ” ဟု ဦးမင်းကိုဦးက ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်၌ ပြည်ပသို့ ပဲမျိုးတန်ချိန် ၁ ဒသမ ၄ သန်းကျော် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ တစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၂၀၀၀၀ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ သန်း ၂၄၀ ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၂၄ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၄၃၈ သန်း တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၀၆၅ ဘီလျံ ရရှိထားသည်။ ယခင်နှစ်ကာလတူတွင် ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၃၁၈ သန်း တင်ပို့မှုမှ ဝင် ငွေဒေါ်လာ ၈၂၅ သန်းကျော်သာ ရရှိထားသည်။

“ ကာလတူထက် တန်ဖိုးက ဒေါ်လာ သန်း ၂၄၀ များတယ်။ တန်ချိန်ကလည်း ၁၂၀၀၀၀ လောက်များတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံ စိုက်ပျိုးမှု ၃၅ ရာခိုင်နှုန်းကျော် ရှိသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးကို နှစ်စဉ် စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်း၊ ကုလားပဲရှစ်ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

ယင်းပဲမျိုးစုံ စုစုပေါင်းစိုက်ဧက၏ ၆၆ ရာခိုင်နှုန်းမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများ စိုက်ပျိုးလျက်ရှိပြီး ဒေသရေမြေကိုက်ညီမှုအပေါ်မူတည်၍ ပဲစင်းငုံသီးနှံအား စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ်တို့တွင် မိုးရာသီတွင်လည်းကောင်း၊ ပဲတီစိမ်းသီးနှံကို မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးကြို (သို့မဟုတ်) ဆောင်းသီးနှံအဖြစ်လည်းကောင်း၊ မတ်ပဲသီးနှံအား ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ နေပြည်တော်တို့တွင် မိုး/ဆောင်းသီးနှံအဖြစ် လည်းကောင်း အဓိကထားစိုက်ပျိုးပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့တွင် စိုက်ပျိုးနိုင်သည့် သီးနှံများဖြစ်သည်။

Most Read

Most Recent