COVID-19 ကပ်ရောဂါကြောင့် နှေးကွေးသွားသည့် မြန်မာနိုင်ငံပါဝင်သည့် အာဆီယံ၏ FTAs များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်များ ပြန်လည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

COVID-19 ကပ်ရောဂါကြောင့် နှေးကွေးသွားသည့် မြန်မာနိုင်ငံပါဝင်သည့် အာဆီယံ၏ FTAs များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်များ ပြန်လည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
2020 ASEAN Leadership & Partnership Forum ကို တွေ့ရစဉ် (ဓာတ်ပုံ-စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)
2020 ASEAN Leadership & Partnership Forum ကို တွေ့ရစဉ် (ဓာတ်ပုံ-စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)
Published 29 August 2020
နီလာ

COVID-19 ကပ်ရောဂါကြောင့် နှေးကွေးသွားသည့် မြန်မာနိုင်ငံပါဝင်သည့် အာဆီယံ၏ FTAs များ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များ ပြန်လည်မောင်းနှင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ သြဂုတ် ၂၇ ရက်တွင် ကျင်းပသည့် 2020 ASEAN Leadership & Partnership Forum သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က Virtual စနစ်ဖြင့် အမှာစကားပြောကြားစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးသည် အာဆီယံ၏ စည်းလုံးညီညွတ်မှု၊ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးအရ ပေါင်းစည်းမှုနှင့် အာဆီယံ၏ သူမတူသည့် ထူးခြားမှုများကို မြှင့်တင်သွားရမည်ကို အဖွဲ့ဝင်နိုင်ငံများအားလုံးက အထူးအလေးထားကြပါကြောင်း၊ ထို့ပြင် ဒေသတွင်းနှင့် ကမ္ဘာ့အခင်းအကျင်းတွင် လျင်မြန်သည့်ပြောင်းလဲမှုများကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို စုပေါင်းဖြေရှင်းကြရမည် ဖြစ်ကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် နှေးကွေးသွားသည့် အာဆီယံ၏ FTAs များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်များကို ပြန်လည်မောင်းနှင်ဆောင်ရွက်သွားရမည်ဖြစ်ပြီး FTAs များတွင် အထောက်အပံ့ကွင်းဆက်များ ချောချောမွေ့မွေ့ လည်ပတ်နိုင်စေရန်နှင့် အခွင့်အလမ်းသစ်များ ဆက်လက်ဖန်တီးပေးနိုင်ရန်တို့ကိုလည်း အလေးထားဆောင်ရွက်နေကြကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

အာဆီယံသည် ကမ္ဘာ့စီးပွားရေးတွင် အဓိကကျသည့် စီးပွားရေးအင်အားကြီးအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေသော်လည်း ကမ္ဘာတွင် အဓိကအရေးပါသည့် Digital Economy တစ်ခု ဖြစ်လာစေရေးအတွက် COVID-19 ကြောင့် ပြန်လည်နာလန်ထူလာရေး ကြိုးပမ်းမှုများတွင် ဒစ်ဂျစ်တယ်နည်းပညာများ၏ မရှိမဖြစ်အရေးပါမှုကို အသိအမှတ်ပြုပြီး Digital Integration ဆောင်ရွက်နိုင်မှသာလျှင် အာဆီယံသည် အခြားသော ကမ္ဘာ့အဓိကနိုင်ငံကြီးများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမည်ဖြစ်ကြောင်း၊ သို့မှသာ ဒေသတွင်းကူးလူးဆက်သွယ်မှုကို ပိုမိုးတိုးမြင့်စေပြီး ဒေသတွင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအပြင် ရင်းနှီးမြှုပ်နှံမှုကိုပါ မြှင့်တင်နိုင်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံနှင့် သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့ပါဝင်မည့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းလျက်ရှိသည်။

RECP သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက်ခြောက်နိုင်ငံဖြစ်သော သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းလျက်ရှိသော ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partership- RCEP) သဘောတူ စာချုပ်တစ်ခုဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

RCEP သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးရှိပြီး ကမ္ဘာ့စီးပွားရေး၏ ၄၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၃၂ ဒသမ ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့်အတွက် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအုပ်စုကြီးများတွင် တစ်ခုအပါအဝင် ဖြစ်လာရန် မျှော်မှန်းထားသည်။

မြန်မာနိုင်ငံက အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) တွင် ပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော စျေးကွက်သို့ မြန်မာ့ပို့ကုန်များကို အကောက်ခွန် ကင်းလွတ်သက်သာခွင့်ဖြင့် တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

(RCEP) ကို လက်ရှိအာဆီယံက ပါဝင်ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များထက် ပိုမိုခေတ်မီပြီး ပြည့်စုံ၍ အရည်အသွေးမြင့်မားကာ အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်တစ်ခုဖြစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံက ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) တွင် ပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသောစျေးကွက်သို့ မြန်မာ့ပို့ကုန်များ အကောက်ခွန်ကင်းလွတ်သက်သာခွင့်ဖြင့် တိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိမည့်အပြင် အဆိုပါစာချုပ်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခန်းကဏ္ဍလည်း ပါဝင်သဖြင့် မြန်မာနိုင်ငံအတွင်းသို့ စာချုပ်ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent