ရန်ကုန်တိုင်းဒေသကြီးအတွင်း မတည်ငွေရင်း ဒေါ်လာ ၁၀ ဒသမ ၆၅၂ သန်းနှင့် ကျပ်သန်း ၆၀၀၀ ရှိသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အတည်ပြုပေးခဲ့ပြီး ပြည်တွင်းလုုပ်သား ၁၈၂၈ ဦး အလုပ်အကိုင် ရရှိမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မတည်ငွေရင်း ဒေါ်လာ ၁၀ ဒသမ ၆၅၂ သန်းနှင့် ကျပ်သန်း ၆၀၀၀ ရှိသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အတည်ပြုပေးခဲ့ပြီး ပြည်တွင်းလုုပ်သား ၁၈၂၈ ဦး အလုပ်အကိုင် ရရှိမည်
သြဂုတ် ၂၆ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ)
သြဂုတ် ၂၆ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ)
Published 28 August 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း မတည်ငွေရင်း ဒေါ်လာ ၁၀ ဒသမ ၆၅၂ သန်းနှင့် ကျပ်သန်း ၆၀၀၀ ရှိသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အတည်ပြုပေးခဲ့ပြီး ပြည်တွင်းလုပ်သား ၁၈၂၈ ဦး အလုပ်အကိုင် ရရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို သြဂုတ် ၂၆ ရက်က Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပြီး အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှုကဏ္ဍ၌ Samoa၊ Seychelles၊ ဂျပန်၊ တရုတ်နိုင်ငံတို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းငါးခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု တစ်ခုတို့ကို အတည်ပြုပေးခဲ့သည်။

အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့်အိတ်၊ အဝတ်အထည်အမျိုးမျိုး၊ Artificial Jewellery၊ Modern Furniture ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် ဆန်ကြိတ်ခွဲ ထုတ်လုပ်ခြင်းလုပ်ငန်း၊ နှမ်းဆီမွှေး၊ နှမ်းဆီနှင့် နှမ်းကွတ်ကီး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းတို့ဖြစ်သည်။

အတည်ပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ဒေါ်လာ ၁၀ ဒသမ ၆၅၂ သန်းနှင့် ကျပ်သန်း ၆၀၀၀ ဖြစ်ပြီး လုပ်ငန်းစုစုပေါင်း ခြောက်ခုမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၁၈၂၈ ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဒေါ်လာ သန်း ၅၈၀၀ ဝင်ရောက်ရန် ခန့်မှန်းထားပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လသာ ကျန်တော့သည့်အချိန်တွင် FDI ဒေါ်လာ ၅၀၉၄ သန်းကျော် ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၀) အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းလေးခု၊ အတည်ပြုလုပ်ငန်း ခုနစ်ခု စုစုပေါင်း ၁၁ ခု ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အဆိုပြု လုပ်ငန်းလေးခု၊ အတည်ပြုလုပ်ငန်း နှစ်ခု၊ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ အတည်ပြုလုပ်ငန်းသုံးခု၊ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း တစ်ခုနှင့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခု ခွင့်ပြုခဲ့သည်။

အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၈၄၈ ဦးကို ဖန်တီးပေးမည်ဖြစ်သည်။ ခွင့်ပြု/အတည်ပြုလုပ်ငန်း ၁၁ ခုမှ စက်မှုဇုန် တည်ဆောက်ရေးကဏ္ဍမှ တစ်ခု၊ စက်မှုကဏ္ဍမှ ရှစ်ခု၊ အခြားဝန်ဆောင်မှုကဏ္ဍ မှတစ်ခုနှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍမှ တစ်ခုဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုခဲ့မှုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၁၉ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၈၄၈ ဒသမ ၇၁၀ သန်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၄၉၇၇ ဒသမ ၈၂၂ သန်းဖြစ်သည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ၁၀ လအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁၆ ဒသမ ၅၅၇ သန်းဖြစ်သည်။

ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ  စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၅၀၉၄ ဒသမ ၃၇၉ သန်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပမာဏ ဒေါ်လာ သန်း ၄၅၂၀ ကျော် ရှိသော်လည်း နိုင်ငံပေါင်း ၂၈ နိုင်ငံမှ အမှန်စီးဝင်လာသော ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၇၆၆ သန်းကျော်ရှိ ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ) လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။

OECD ၏ ဒုတိယအကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မူဝါဒ သုံးသပ်ချက်တွင် တာဝန်ယူရှိသော စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်မှုမြှင့်တင်ခြင်း၊ အာမခံချက်ရှိပြီး ရှင်းလင်းကောင်းမွန်သော မြေအသုံးချခွင့်ကို မြှင့်တင်ဆောင်ရွက်ခြင်း စသည့် နယ်ပယ်ခုနစ်ခုကို အခြေခံ၍ သုံးသပ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER) မှ သိရသည်။

Most Read

Most Recent