ဘာစီလိုနာမှာ မိမိကစားချင်ဆုံးအသင်းဖြစ်ပြီး စိတ်အားထက်သန်မှုအပြည့်ဖြင့် ပြန်လာမည်ဟု ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟို ပြောကြား

ဘာစီလိုနာမှာ မိမိကစားချင်ဆုံးအသင်းဖြစ်ပြီး စိတ်အားထက်သန်မှုအပြည့်ဖြင့် ပြန်လာမည်ဟု ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟို ပြောကြား
Published 27 August 2020

ဘိုင်ယန်မြူးနစ်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် သွားရောက်ခဲ့သည့် ကော်တင်ဟိုက ဘာစီလိုနာအသင်းမှာ မိမိကစားချင်ဆုံးအသင်းဖြစ်ပြီး စိတ်အားထက်သန်မှုအပြည့်ဖြင့် ပြန်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၈)နှစ်အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုသည် ၂၀၁၈ ဇန်နဝါရီအ ပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပေါင် (၁၄၂)သန်း (Adds-on ကြေးများအပါအဝင်)ဖြင့် ပြောင်းရွှေ့ခဲ့သည်။

သို့သော် ကော်တင်ဟိုသည် ဘာစီလိုနာအသင်းတွင် ထင်မှတ်ထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် အသင်းပရိသတ်များ၏ လှောင်ပြောင်ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် ဘာစီလိုနာအသင်းသည် ၂၀၁၉-၂၀ ရာသီတွင် ကော်တင်ဟိုအား ဘိုင်ယန်မြူးနစ်အသင်းထံသို့ တစ်ရာသီအငှားချခဲ့သည်။

ကော်တင်ဟိုသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရသော်လည်း အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားအပါအဝင် ဖလား(၃)လုံးအထိ ရယူနိုင်ခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ကော်တင်ဟိုအား အပြီးသတ်ခေါ်ယူလိုခြင်းမရှိသည့်အတွက် ကော်တင်ဟိုသည် ဘာစီလိုနာအသင်းသို့ ပြန်ရမည်ဖြစ်သည်။

အစောပိုင်းက ကော်တင်ဟိုအနေဖြင့် ဘာစီလိုနာသို့ ပြန်ဖွယ်မရှိဘဲ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။

သို့သော် ကော်တင်ဟိုကမူ ဘာစီလိုနာတွင်ကစားရန် အမြဲတမ်းအိပ်မက်မက်ခဲ့ရကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကော်တင်ဟိုက ''ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ဘာစီလိုနာကို စိတ်အားထက်သန်စွာနဲ့ ကျွန်တော် ပြန်လာမှာပါ။ ဘာစီလိုနာက ကျွန်တော် ကစားချင်ဆုံးအသင်းပါ''ဟု ပြောကြားခဲ့သည်။ -

 

Most Read

Most Recent